Sunday, October 14, 2012

Pin It

Widgets

မြင်ကွင်း

ကျွန်တော် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းကပေါ့ .....
တစ်နေ့ ကျွန်တော့် ဆရာက ခိုင်းစရာရှိလို့ သူ့အိမ်သို့ ခဏလောက်လာခဲ့ပါပြောတယ်.....။ ဆရာတို့က ချမ်းသာတော့ ရန်ကုန်မြို့ ထဲက ရွှေတောင်ကြား ဆိုလား... အဲဒီမှာနေကြတယ်...။ သူ့မှာ ကိုးတန်း အရွယ် သမီးလေးတစ်ယောက်ဘဲရှိတယ်လေ...။ ကျွန်တော်လည်း ဆရာခေါ်ထားတော့ သူ့အိမ်သို့ သွားလိုက်တယ်။
သူ့အိမ်သို့ရောက်တော့ ဆရာရေချိုးနေလို့ဆိုပြီး ထိုင်စောင့်နေလိုက်တယ်...။ ခဏနေတော့ ဆရာထွက်လာပြီး သူ့သမီးလေး အခန်းဘက်သို့လှည့်ပြောလိုက်တယ် ....
"သမီးရေ.... ကျောင်းမသွားသေး ဘူးလား"
သူ့သမီးလေးက
"သွားမယ် အဖေ"
ဆိုပြီး ပြန်ပြောသံတော့ ကြားလိုက်ပါတယ်...။ နောက်တော့ ကျွန်တော့်ဆရာက
"သမီးကျောင်းသွားမယ်ဆိုရင် မတ်တူး ကားနဲ့သွားလိုက်လေ.."
ဆိုပြီးပြောလိုက်တော့
"ဟာ.... မတ်တူး က တောသားတွေစီးတဲ့ ကားပါ အဖေရာ... အဲဒီကားနဲ့တော့ 

သမီးကျောင်းမသွားဘူး..... ပရာဒို လောက်တော့ ပေးလိုက်ပါ..."
ဆိုတဲ့ပြန်ပြောတဲ့ အသံကို ကျွန်တော်ကြားလိုက်ရတယ်....။ မတ်တူး တို့ ပရာဒို တို့ဆိုတာ ဇိမ်ခံကားဆိုတာ ကလွဲလို့ ကျန်တာ ကျွန်တော်မသိပါဘူး ....။
ဒါပေမဲ့ ကျောင်းသွားဖို့တောင် ကားကိုအမျိုးအစား ရွေးပြီးသွားနိုင်တဲ့ ဘဝလေးကိုတော့ အားကျမိတာ အမှန်ပါ.....။

ခဏနေတော့ ဆရာက လုပ်ရမဲ့ အလုပ်တွေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ကျွန်တော့်ကို ရှင်းပြနေတယ်....။ အဲဒီချိန်မှာဘဲ အခန်းထဲက သူ့သမီးထွက်လာပြီး ကျောင်းသွားဖို့ မုန့်ဖိုးတောင်းတယ်...။ ကျွန်တော့်ဆရာက သူ့ပိုက်ဆံအိပ်ထဲက ပိုက်ဆံ (၂၀၀၀၀) ကိုထုတ်လိုက်ပြီးပေးလိုက်ရင်း....
"မနေ့က မေမေ့ဆီကပေးထားတာတွေ ကုန်သွားပြီလား.."
ဆိုပြီးပြောလိုက်တယ်.....။
"ဖေကြီးက ကပ်စေးနဲတယ်....မေကြီးဆိုရင် ဒီထက်ပိုပေးတယ်..."
လို့ပြောရင်း ကောင်မလေးလှည့်ထွက်သွားတာတွေ့လိုက်တယ် ...။ တစ်လကို (၃၅၀၀၀) လစာရတဲ့ ကျွန်တော် ..... ကိုယ့်အကြောင်းပြန်မတွေးခင်မှာ...
"မင်း အလုပ်တြွေပီးသွားရင်... ငါ့ဆီဖုန်းလှမ်းဆက်ပေးကွာ..."
ဆိုတဲ့ဆရာ့အသံက ထွက်လာတယ်...။
"ဟုတ်ကဲ့ပါ ခင်ဗျာ"
လို့ပြန်ပြောရင်း ဆရာ့အိမ်ကနေ ပြန်ထွက်လာခဲ့တယ်....။

ကျွန်တော်ကားဂိုက်ရောက်တော့ (၅၁)ကားတစ်စီးက ချက်ချင်းလာရပ်တယ်....။ အဆင်သင့်လိုက်တဲ့ ဖြစ်ခြင်းဗျာ... စောင့်စရာမလိုဘဲရောက်လာတော့ ကျွန်တော် ဘတ်စ်ကားပေါ် ပြေးတက် လိုက်တယ်။ ကျွန်တော်နဲ့ အတူပြေးတက်သူတွေလည်း အများကြီးပါဘဲ....။ ကားစပယ်ယာ ကားခလာတောင်းတော့ ကျွန်တော် (၂၀)တန်တစ်ရွက် ထုတ်ပေးရင်း တစ်ခုခုကို သတိထားမိသွားတယ်...။ အဲဒါက ကျွန်တော့်ရှေ့က အဒေါ်ကြီးတစ်ယောက် ကိုပါ.....။

ဆန်နို့စည်ဗူး(၃) လုံးလောက်ကိုထည့်ထားတဲ့ ကြွပ်ကြွပ်အိပ်လေး တစ်အိပ်ကို ရင်ဘတ်မှာ ပိုက်ကိုင်ထားပြီး  နောက်လက်တစ်ဘက်ကတော့ (၂၀)တန်အဟောင်းလေးတစ်ခုကို ဆုပ်ရင်း ကားရဲ့ လက်ကိုင်တန်းကို ကိုင်ထားတယ်....။ သေချာတာက သူဘတ်စ်ကားခ မပေးရသေးဘူး ဆိုတာပါ...။

ကားစပယ်ယာကလည်း
"တစ်ယောက်ကျန်သေးတယ်...လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ်..."
ဘာညာနဲ့ အော်ပြောနေတယ်လေရဲ့ ...။ ဒါပေမဲ့ သူ့ပုံစံက ပေးမဲ့ပုံ မပေါ်ပါဘူး....။ ကျွန်တော် သူ့ကိုကြည့်ပြီး တော်တော် အမြင်ကပ်သွားတယ်...။ လူမှုစည်းကမ်းမရှိဘူး ဆိုတဲ့ ကောက်ချက်လည်း ချလိုက်မိတယ်...။
သူ့ခေါင်းပေါ်က မွဲခြောက်နေတဲ့ဆံပင်တွေပေါ်မှာ ဖုန်မှုန့်တွေရှိနေတာကြည့်ခြင်းဖြင့် တစ်နေကုန် နေပူထဲမှာအလုပ်လုပ်ခဲ့ရတယ်လို့တော့ ကျွန်တော်ထင်မိတယ်...။ ကျွန်တော် သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ သူလည်းကျွန်တော့်ကိုကြည့်တာနဲ့ ဆုံသွားခဲ့တယ်.....။
သူ့မျက်လုံးတွေထဲမှာ ကျွန်တော်ဖတ်လို့ရလိုက်တဲ့ အဓိပ္ပါယ်က သူရှက်နေတဲ့ အကြောင်းတွေ၊ အားငယ်နေတဲ့ အကြောင်းတွေနဲ့ နောက်ဆုံးမှာ မျက်ရည်စ,လိုလို ကျွန်တော်တွေ့လိုက်ရတယ်....။
 
စပယ်ယာ ကလည်း မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု အော်လိုက်၊ ဆင်းမဲ့ခရီးသည် တွေကိုချပေးပြီး ခရီးသည် အသစ်တွေတင်လိုက်နဲ့ အလုပ်တွေ ရှုတ်နေတော့ သူ့ဆီက ကားခတောင်းဖို့ကိုသတိမရ တော့ဘူး ထင်ပါရဲ့... ဘာမှမပြောတော့ဘဲ သူ့အလုပ်တွေကို ဆက်ပြီး လုပ်နေတော့တယ် ......။

ဒီလိုနဲ့ မင်္ဂလာဒုံစျေးမှတ်တိုင် သို့ရောက်တော့ ခုနကအဒေါ်ကြီး ဆင်းသွားတယ်....။ ကားကကြာကြာရပ်မှာ ဆိုတော့ ကျွန်တော်အဲဒီအဒေါ်ကြီးကို လိုက်ကြည့်နေမိတယ်....။
သူ့ကို ငါးတန်း၊ ခြောက်တန်း အရွယ်လောက် ရှိတဲ့ ကလေးမလေးတစ်ဦးက လာကြိုနေတာတွေ့တယ်....။
"မေမေ.... ဒီနေ့ပြန်လာတာ စောသားဘဲ..."
"ဟုတ်တယ် သမီးလေး... အလုပ်သိမ်းတာ စောလို့....."
ဆိုတဲ့ သားမိနှစ်ဦးရဲ့ စကားပြောသံတွေကို ကျွန်တော်ကြားလိုက်ရတယ်...။ ကလေးမလေးက သူ့အမေရဲ့ လက်ထဲက ဆန်ထုပ်လေး ကိုဆွဲယူလိုက်တယ်....။ အမေလုပ်တဲ့ သူက သူ့လက်က ဘတ်စကားဖိုး မပေးခဲ့တဲ့...(၂၀)တန်လေး နဲ့ ပြောင်းဖူးပြုတ်လေးဝယ်ပြီး သူ့သမီးကို ကျွေးလိုက်တယ်...။ ခဏကြာလို့ အဲဒီသားမိကျွန်တော့်မြင်ကွင်းကနေ ပျောက်သွားတဲ့ အချိန်မှာဘဲ ဘတ်စ်ကား ကလည်း မှတ်တိုင်ကနေ စ,ပြီးထွက်လာခဲ့တယ်....။

ကားစီးနေရပေမဲ့ ကျွန်တော့် စိတ်ထဲမှာတော့ အတွေးတွေ တစ်သီတစ်တန်းကြီးနဲ့ပေါ့ .......
  • ကျောင်းသွားတာကို အကောင်းစားကားရွေးပြီး သွားနိုင်တဲ့ ဆရာ့သမီးလေးရဲ့ဘဝနဲ့ ကျွန်တော်တွေ့လိုက်ရတဲ့ အဒေါ်ကြီးရဲ့ သမီးလေး ဘဝ.....
  • မုန့်ဖိုး(၂၀၀၀၀) ရတာကို နည်းတယ် ထင်နေတဲ့ သူတွေနဲ့ ကားခပိုက်ဆံတောင် ပေးချင်ပေမဲ့မပေးဘဲ သမီးကလေး မုန့်ဖိုး ချန်ထားနေရတဲ့ သူတွေ အကြောင်း.......
  • တစ်နေ့စာ ဆန်နို့စည်ဗူး (၃)လုံးလောက်ရဖို့ တစ်နေကုန်နေပူထဲမှာ ရုန်းကန်နေရတယ်ဆိုရင်... တကယ်လို့ အဒေါ်ကြီး နေမကောင်းဖြစ်ပြီး အလုပ်မလုပ်နိုင်တဲ့ ရက်တွေမှာဆိုရင်......
  • အဲဒီလိုရုန်းကန်နေရတဲ့ မိသားစုက ကလေးလေးတစ်ယောက်ရဲ့ ရှေ့ဆက် ပညာရေးလမ်းခရီး......
  • ဘာမှန်းမသိဘဲ အပြစ်တင်စောခဲ့တဲ့ ကျွန်တော် ကိုယ်တိုင်.......
  • ဒီလိုအဖြစ်လေးတွေ နောက်ထပ်ဘယ်လောက်များမြင်ရအုံးမလဲ.....။ ကိုယ်ကိုတိုင်ကော ဘယ်လိုအနေအထားမျိုးမှာ ရှိနေလဲ......
ကျွန်တော့် အတွေးတွေမဆုံးခင်မှာဘဲ ကျွန်တော်ဆင်းရမယ့် မှတ်တိုင် အော်သံကို ကြားလိုက်ရတယ်....။ ကားပေါ်ကဆင်းလာခဲ့ပေမယ့် အတွေးစ,တွေကတော့ ပါလာဆဲပါဘဲ.....။ အဲဒီနေ့က ညအိပ်ယာထဲမှာ တွေးဖြစ်ခဲ့ သလို..... ဒီနေ့ထိ အဲဒီမြင်ကွင်းလေးတွေက ကျွန်တော့် အတွေးထဲမှာ နေရာယူနေဆဲပါ......။

စာဖတ်သူများလည်း ဒီလိုအဖြစ်လေးတြွေမင်ဖူးကြမယ်/ ကြုံဖူးကြမယ်/ကြားဖူးကြမယ် ထင်ပါတယ်.....။
လူတစ်ဦးရဲ့ ဘဝပေးအခြေအနေနဲ့ တစ်ခြားလူတစ်ဦးရဲ့ ဘဝပေးအခြေအနေကို သချင်္ာမှာလို ညီမျြှခင်းထည့်ပေးလိုက်ရုံနဲ့ ညီမျှအောင်လုပ်ပေးလို့မရပေမဲ့.....။ သနား၊ ညှာတာ၊ စာနာ တဲ့စိတ်ဓါတ်လေးတွေနဲ့ အချင်းချင်း ကူညီရိုင်းပင်း ဖေးမ,ပေးကြမယ်ဆိုရင်တော့ ပျော်စရာကောင်းတဲ့ လူ့လောကလေးကို မြင်တွေ့နိုင်ကြ မယ်လို့ ယူဆရင်း.....................။

free.idea2012@gmail.com (3.2.2009)
မှတ်ချက်။ ဓါတ်ပုံများကို Google မှ ယူထားပါသည်။

1 comment :

  1. မတူညီတဲ့ဘဝတွေပေါ့နော်
    ပြောရမယ်ဆိုရင်တော့အများကြီးမို့ မပြောတော့ဘူးနော်
    ပြောလို့လဲမကောင်းလို့ပါ
    ခင်မင်တဲ့ sis jasmine

    ReplyDelete

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top