ငါ့ကဗျာလျှင်....
သံသာစောင်းကြိုး၊ တေးသီနှိုးသည့်
ချိုးဖြူဆိုက ကောင်းလေစွ။
ချိုးဖြူမှန်လျှင်၊ အာကာပြင်ဝယ်
တေးညင်းရိုက်ခတ်၊ ကမ္ဘာပတ်လျက်
အီရတ်တိုင်းပြည်၊ ချိုတေးသီရန်
ပျံလေ ပျံလော့ ညွှန်းလိုက်မည်။
ထိုနေရာဝယ်...
ဗျာပါနှောင်တည်း၊ သောကမီးနှင့်
စစ်ကြီးပြင်ထန်၊ အံတုခံလျက်
သေကံမပျောက်၊ ဒုက္ခရောက်သည့်
ထောက်ပံ့သူဝေး၊ အငတ်ဘေးဝယ်
ကလေးငယ်တို့ ရှိလေရဲ့။
ငါ့ကဗျာလျှင်...
သံသာစောင်းကြိုး၊ တေးသီနှိုးသည့်
ချိုးဖြူဆိုက ကောင်းလေစွ။
ချိုးဖြူမှန်လျှင် ထက်ခေါင်းကင်ဝယ်
ညင်သာချိုမြ၊ တေးဆို သ လျက်
အစ္စရေးကမ္ဘာ၊ တိုင်းပြည်သာသို့
ပျံပါလေလော့၊ ညွှန်းလိုက်မည်။
ထိုနေရာဝယ်...
ပူဆာဖိစီး၊ ဒုက္ခမီးတို့
ချုပ်တည်းမရ၊ ဗျာပါဒနှင့်
ဘဝဖွေရာ၊ မသေချာသည့်
အနာဂတ်များ၊ ပွန်းပဲ့သွားသော
လူးသား ကမ္ဘာရှိလေရဲ့။
ငါ့ကဗျာလျှင်...
သံသာစောင်းကြိုး၊ တေးသီနှိုးသည့်
ချိုးဖြူဆိုက ကောင်းလေစွ။
ချိုးဖြူမှန်လျှင်၊ အားမာန်ဆင်၍
ကောင်းကင်ဖန်ခုန်၊ မာန်အဟုန်ဖြင့်
"စီချွန်" မြို့ဆီ၊ တောင်ဖြန့်ချီလျက်
တေးသီပျံလော့ ညွှန်းလိုက်မည်။
ထိုနေရာဝယ်...
သဘာဝထု၊ ဖောက်ပြန်မှုကြောင့်
သက်လုပြေးရ၊ သေကြေကြလျက်
ငလျင်ဘေးဒဏ်၊ လူးလှိမ့်ခံခဲ့
"စီချွန်" သားတို့ရှိလေရဲ့။
ငါ့ကဗျာလျှင်...
သံသာစောင်းကြိုး၊ တေးသီနှိုးသည့်
ချိုးဖြူဆိုက ကောင်းလေစွ။
ချိုးဖြူမှန်လျှင်၊ အာကာပြင်ဝယ်
မာန်ဝင်တောင်ပံ၊ ချုန်းမြည်ညံလျက်
တမန်တေးသီ၊ ဧရာဝတီသို့
ဦးတည်ပျံလော့ ညွှန်းလိုက်မည်။
ထိုနေရာဝယ်...
"နာဂစ်" မုန်တိုင်း၊ ကဆုန်စိုင်းခဲ့
ရေလှိုင်းကြားမှ၊ လူးလွန့်ထ၍
ခေါင်းကြွဖန်ဆင်း၊ အားမာန်တင်းသည့်
ဆွေရင်းမြန်မာ၊ ညာတကာတို့
ညီညာနိုးထ ရှိလေရဲ့။
ငါ့ကဗျာလျှင်...
သံသာစောင်းကြိုး၊ တေးသီနှိုးသည့်
ချိုးဖြူဆိုက ကောင်းလေစွ။
ချိုးဖြူမှန်လျှင်...
ကောင်းကင်မြေနှံ့ တောင်ပန်ဖြန့်လော့
ပတ်လွှံ့ဝေဟင်၊ ချိုတေးဆင်လော့
ရေပြင်မြေအောက်၊
ထိုးဖောက်ပတ်မွှေ
ချစ်ဆွေအများ၊ ကမ္ဘာသားတို့
တရားရွှေတေး၊ ငြိမ်းချမ်းရေးကို
ပေးဆပ်သီကုံး ပျံပါလော့။
သြော်...
ကမ္ဘာမြေခွင် သာစေချင်မိ
အစဉ်စိမ်းလန်း၊ ရင်ငြိမ်းချမ်းစေ
စိတ်ဝမ်းတွင်းမှ၊ ဤဆန္ဒကို
ကလောင်သွေးဆူ၊ ချိုတေးကူအောင်
ချိုးဖြူများစွာ၊ ဖန်ဆင်းကာဖြင့်
ကမ္ဘာမြေနှံ့ သာစေဖြန့်သော်
ပတ်လွှံ့ရိုက်နှိုး၊ မြေတစ်ရိုးဝယ်
ချိုးဖြူကုဋေ ပြည့်ရောမည်။
ဘုံတောင်မြေ၊ နေဦးခက်
(သူငယ်ချင်း တစ်ဦးရဲ့ ခံစားချက်လေး ရေးပေးထားတာပါ။)
ကဗျာထဲကနေ မြန်မာ့အရေး
ReplyDeleteကမ္ဘာ့အရေး အားလုံးကိုမြင်တွေ့လိုက်ရတယ်
ချိုးဖြူ မျိုးတွေများများပွါးပါစေလို့
ခင်မင်တဲ့ sis jasmine