Friday, October 19, 2012

Pin It

Widgets

ပုံပြင်လေး တစ်ပုဒ်

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကောက်ပဲသီးနှံတွေစိုက်တဲ့ လယ်သမားကြီးတစ်ဦးရှိသတဲ့....။ သူ့ရဲ့အိမ်မှာ အဖော် အဖြစ် ခွေးတစ်ကောင် နဲ့ ၀က်တစ်ကောင် ကိုလည်း မွေးထားသေးတယ်....။

တစ်နေ့ကျတော့ လယ်သမားကြီးက သူ့လယ်ကထွက်တဲ့ ကောက်ပဲသီးနှံတွေကိုခူးပြီး မြို့မှာသွားရောင်းဖို့ ပြင်ဆင်လိုက်တယ်...။ ကောက်ပဲသီးနှံတွေကို လှည်းပေါ်လည်း တင်ပြီးသွားရော သူ့အဖေါ်တြွေဖစ်တဲ့ ခွေးနဲ့ ၀က်ကိုလှမ်းခေါ်လိုက်သတဲ့။ ပြီးတော့ သူ သီးနှံတွေရောင်းဖို့ မြို့ကိုသွားမယ့် အကြောင်း၊ ညနေကျမှ ပြန်လာမယ့် အကြောင်း၊ သူသွားနေတဲ့ အချိန်မှာ အိမ်ရှေ့မှာရှိတဲ့ ယာခင်းကို ပြီးအောင်ထွန်ယက်ထားဖို့ လိုကြောင်း သေချာမှာခဲ့သတဲ့.....။

ဒီလိုနဲ့ လယ်သမားကြီးလည်း သီးနှံတွေတင်ထားတဲ့လှည်းကိုမောင်းထွက်သွားပြီး မြင်ကွင်းကပျောက်သွား ...ရော ခွေးကအိမ်အောက်ကိုဝင်ပြီး အိပ်နေတော့ သတဲ့....။ ၀က် ကတော့ သူ့သခင်သေချာမှာခဲ့တယ် ဆိုပြီး တစ်နေရာပြီး တစ်နေရာ၊ တစ်ထပ်ပြီး တစ်ထပ် သေချာထွန်ယက်နေလိုက်တာ ညနေစောင်းတဲ့ အချိန်သို့တောင် ရောက်သွားခဲ့တယ်....။ ညနေလည်းစောင်း၊ ယာခင်းလည်းထွန်ယက်ပြီးသွားတော့ ၀က် ခမျာ ပင်ပမ်းနေတာမို့ တဲရှေ့မှာဘဲ အိပ်ပျော်သွားလိုက်တာ.....သူ့သခင်မြို့ကပြန်လာတာကိုတောင် မသိရှာတော့ဘူးပေါ့....။ အဲဒီချိန်မှာဘဲ တစ်နေကုန် အိပ်နေတဲ့ ခွေးက 

လှည်းဝင်ရိုးသံကြားပြီး အိပ်ယာက လန့်နိုးလာသတဲ့။ နိုးနိုးချင်းဘဲ လူးလိမ့်ထ၊ သူ့သခင်လာတဲ့ ရွာဝင်လမ်းကနေ အမြီးကလေးလှုပ်ပြီး သွားကြိုလိုက်သတဲ့....။ လယ်သမားကြီးလည်း အိမ်ရှေ့ရောက်တော့ ထွန်ယက်ပြီးနေတဲ့ ယာကွက်ကိုတွေ့ တဲ့အခါ ၀မ်းသာသွားတာပေါ့...။ ဒါပေမဲ့ အိမ်ရှေ့မှာ အိပ်ပျော်နေတဲ့ ၀က်ကိုလည်းတွေ့ရော ဒေါသထောင်းကနဲထွက်ပြီး.... တစ်နေကုန် ဘာမှမလုပ်ဘဲ အိပ်နေတဲ့ကောင် သွားစမ်းကွာ....ဆိုပြီး ခြေနဲ့ပိတ်ကန်ထည့်လိုက်တော့တာပေါ့....။ ၀က် ခမျာ လယ်သမားရဲ့ အကန်ခံ ရပေမယ့် တစ်နေကုန် ပင်ပမ်းထားတဲ့ ဒါဏ်ကြောင့် အသာလေး ၀ပ်နေရှာသတဲ့ .... တစ်နေကုန် အိပ်နေခဲ့တဲ့ ခွေးကတော့ အချီးမွမ်းခံရပြီး လယ်သမားကြီးကျွေးတဲ့ အစာကို မြိန်ချက်စွာ စားသောက် နေတော့သတဲ့ .....။

ပုံပြင်လေးကတော့ ဒီလောက်ပါဘဲ ....။
ဒီပုံပြင်လေးကတော့ ကျွန်တော်ကြားဖူးတာလေးကို ရေးပြ တာပါ...။ ကျွန်တော့်လိုဘဲ ကြားဖူးကြလိမ့်မယ် လို့ထင်ပါတယ်။
ဒီပုံပြင်လေးလိုဘဲ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်နေတာလေးတွေ ကြုံဖူးကြမယ် ထင်ပါတယ်။
အမှန်တကယ် အပင်ပမ်းခံ၊ ဒုက္ခခံပြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်တဲ့သူတွေက အထင်လွဲခံ ရတာကိုတွေ့ဖူး၊ ခံစားဖူးကြမှာဖြစ်သလို...... ဘာအလုပ်မှမလုပ်ဘဲ အချိန်တန်မှ အမြီးလေးတစ်နန့်နန့်နဲ့ မျက်နှာချိုသွေးအခွင့်အရေးယူတတ်တဲ့သူတွေကိုလည်း တွေ့ဖူး၊ ခံစားဖူးကြမှာပါ....။ မှားတယ်၊ မှန်တယ် ဆိုတာထက် ရှက်စရာကောင်းတယ်၊ မကောင်းဘူး ဆိုတာက ပိုပြီး အရေးကြီးမယ်ထင်ပါတယ်....။ 
၀က်လို အလုပ်လုပ်ပြီး အကန်ခံရတဲ့ အခြေအနေသို့မရောက်အောင်ကြိုးစားကြမယ်။
ခွေးလို ဘာအလုပ်မှမလုပ်ဘဲ အမြီးတစ်နန့်နန့်နဲ့ကြိုပြီး အခွင့်ကောင်းယူတဲ့ ရှက်စရာကောင်းတဲ့ အပြုအမူမျိုးကို ရှောင်ကြမယ်ဆိုရင်တော့......။
ပျော်စရာ၊ ကြည်နပ်စရာ လူ့လောကကြီး ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျာ ....။

ဒီပုံပြင်လေးကို မြန်မာမိသားစုဖိုရမ် မှာ ကျွန်တော်ရေးသားဖေါ်ပြခဲ့ဖူးပါတယ် ....။ အဲဒီ Post လေးအပေါ်မှာ ကျွန်တော့် မိတ်ဆွေတစ်ဦးရဲ့ ဝေဖန်သံလေး ကတော့ ....
ဇီဇဝါ
ပုံပြင်လေးအကြောင်း ပြန်တွေးမိတော့...ဇီဇဝါ့ စိတ်ထဲ မကျေနပ်တဲ့ အတွေးတစ်ခုဝင်လာတယ်...။
ခွေးနဲ့ဝက်တို့ရဲ့ သခင်လယ်သမားကြီးကိုပေါ့...။
ဘယ်သူ့ရဲ့ ဗီဇသဘာဝကတော့ ဘယ်လိုရှိတယ်..၊ ဘယ်လိုလေးတော့ဖြင့် ဖြစ်နိုင်သေးတယ်....ဆိုတဲ့အတွေးလေးတွေနဲ့ မျှတွေးမပေးနိုင်ပဲ သူ့အကျိုးအတွက် အပေါ်ယံဟန်ပြလေး လုပ်ဆောင်ပေးသွားတဲ့ ခွေးကိုကျ ဂရုတစိုက်ထမင်းကျွေးလို့...
တစ်ကယ်ပင်ပင်ပန်းပန်း ဆင်းရဲခဲ့ရှာတဲ့ ၀က်ကိုကျ...တစ်ခဏတာမြင်ကွင်းလေးနဲ့ သုံးသပ်ဆုံးဖြတ်ပြီး..
နာကျင်အောင် အမှန်တစ်ကယ်ပဲ ပြုလုပ်ခဲ့တယ်ဆိုရင်...
လယ်သမားကြီးဟာ သခင်ကောင်းတစ်ယောက် မပီသတော့ဘူးပေါ့နော်...။
ဇီဇဝါ တို့တွေ လက်တွေ့ရင်ဆိုင်နေရတဲ့..ဒီလူ့ပတ်ဝန်းကျင်မှာလည်း လယ်သမားကြီးလို အကြီးအကဲတွေ အများကြီး ရှိနေနိုင်တာပဲနော်...။
ဒီမိသားစုထဲက ကိုယ်တိုင်အကြီးအကဲဖြစ်နေကြတဲ့ အကို၊ အမ၊ မောင်လေး၊ ညီမလေးတို့တွေလည်း ဒီအချက်လေးကို သတိပြုဆင်ခြင်နိုင်ပြီး အလယ်အလတ်လမ်းစဉ်ကျင့်သုံးနိုင်ကြပါစေလို့....။
(ဒီပုံပြင်လေး မူရင်း ရှိ/မရှိတော့ ကျွန်တော်မသိပါဘူး ခင်ဗျာ...။ ကျွန်တော့်ဆရာတစ်ဦး ပြောပြလို့ သိတာလေးကို ပြန်ရေးပြတာပါ။ မှားတာရှိရင် ခွင့်လွှတ်နိုင်ကြပါစေ.....။)
စာဖတ်သူ မိတ်ဆွေအနေနဲ့လေး ဝေဖန်ပြောကြားစရာ စကားလေးများရှိခဲ့ရင် အောက်က Comment မှာပြောကြားနိုင်ပါတယ် ခင်ဗျာ ....
လေးစားချစ်ခင်စွာဖြင့် .....

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top