(ပေါ်ပြူလာမြန်မာဂျာနယ် မှဆောင်းပါးကို မြန်မာမိသားစု ဖိုရမ်မှ pannuko ရေးသားဖေါ်ပြထားချက်ပါ။)
ဖေ့စ်ဘွတ်(Facebook) ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် မာ့ခ်အိလိယော့ ဇူကာဘတ် သည် အသက်(၂၇)နှစ်သာ ရှိသေးသော်လည်း ဘီလျံနာတစ်ဦးဖြစ်နေလေပြီ။ သို့ရာတွင်
သူ၏ဖေ့စ်ဘွတ်ကြောင့် လူမှုဆက်ဆံရေးနယ်ပယ်ဝယ် နစ်နာသော ပေးဆပ်ရခြင်းများလည်း ရှိနေပြန်၏။
ဖေ့စ်ဘွတ်ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များကြောင့် ယင်းတို့ကို စွဲစွဲမြဲမြဲအသုံးပြုသူ လူငယ်များ၏ ဦးနှောက်တွင်းဝယ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထင်ရှားသည့် သိပ္ပံပညာရှင်တစ်ဦးက ဆိုသည်။
ဖေ့စ်ဘွတ်၊ တွစ်တာနှင့် ဘေဘိုကဲ့သို့သော လူမှုကွန်ရက်များသည် လူငယ်တို့အပေါ် မိမိကိုယ် မိမိဗဟိုပြုသည့် အတ္တစိတ်မျိုးကို ပေါ်ပေါက်စေနိုင်ကြောင်း သူက ပြောခြင်းဖြစ်သည်။
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာပညာရှင် စူဆန်ဂရင်းဖီး က ယင်းဝက်ဘ်ဆိုက်များအပေါ် အချိန်ပေးအလေးထားခြင်းကြောင့် အခြားအလုပ်များတွင် အာရုံစူးစိုက်မှုလျော့နည်းလာကာ ယင်းဝက်ဘ်ဆိုက်များသည်သာ တကယ့်ဘဝတစ်ခုဟု အထင်ရောက်လာပြီး အခြားသော စိတ္တဇ ဆန်သည့် လက္ခဏာများ ပေါ်ပေါက်လာတတ်ကြောင်း ရှင်းလင်းပြောကြားခြင်းပင်ဖြစ်သည်။
စူဆန်ဂရင်းဖီး သည် အောက် စဖို့တက္ကသိုလ်ကြီးမှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဌာနမှူးတစ်ဦး ဖြစ်ပြီး တော်ဝင်သိပ္ပံအသင်းကြီး၏ ဒါရိုက်တာတစ်ဦးလည်းဖြစ်ကာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များသည် လူငယ်တို့၏ ဦးနှောက်ကို ပုံစံသစ်တစ်မျိုးအဖြစ် ပြောင်းလဲသွားစေနိုင်သည် ဟု ယုံကြည်သူ တစ်ဦး ဖြစ်သည်။
လူမှုကွန်ရက်များ ကို စွဲစွဲမြဲမြဲ သုံးနေကြသူ လူငယ်များသည် ကွန်ပျူတာမှ မျက်နှာခွာရမည်ကို စိုးရိမ်နေကြခြင်းကြောင့် အခြားကိစ္စရပ်များတွင် လစ်ဟင်းမှု၊နှောင့်နှေးမှုများ ပေါ်ပေါက်လာကြ ကြောင်းမိဘများနှင့် အုပ်ထိန်းသူများက တင်ပြလျက်ရှိကြသည်။ဖေ့စ်ဘွတ်ကို အသုံးပြုသူ ပေါင်းများစွာတို့သည်
- ယင်းတို့၏ သူငယ်ချင်းများနှင့် အဆက်မပြတ်စေရေး၊
- ဓာတ်ပုံများ မျှဝေဖြန့်ဖြူးရေး နှင့်
- မိမိတို့၏ အတွေးစိတ်ကူးများ၊ မိမိတို့၏ဆောင်ရွက်ချက်များ ကို ဖေ့စ်ဘွတ်မှတစ်ဆင့် မျှဝေရေး
- ကွန်ပျူတာဂိမ်းများကို စွဲမြဲစွာ ကစားခြင်း၊
- ဂျီတော့ကဲ့သို့သော အချင်းချင်းစကားပြောဆိုခြင်းနှင့်
- ရုပ်သံဇာတ်လမ်းတွဲများကို စွဲစွဲမြဲမြဲ ကြည့်ရှုခြင်း
ပါမောက္ခ စူဆန်ဂရင်းဖီး
”ကလေးပေါက်စလေးတွေဟာ အရောင်တောက်တောက်တွေ နဲ့ ဆူဆူညံညံအသံတွေကို ကြိုက် ကြသလိုမျိုး ဦးနှောက်ရဲ့အခြေ အနေတွေ ကလေးဆန်သွားမှာကို ကျွန်မစိုးရိမ်မိတာပါ။ ကလေးတွေလိုပဲ ကိုယ်လုပ်တာမှန်သမျှကို ဖေ့စ် ဘွတ်မှာပြောပြနေကြ တာကို တွေ့ နေရတာကြောင့်ပါပဲ။ သူတို့အတွက် အချိန်ကုန်လို့လည်းကုန်မှန်းမသိ ဖြစ်နေကြတယ်လေ”
ဟု စူဆန်ဂရင်းဖီးက ပြောပါသည်။
”မနက်စာစားပြီးပြီလား၊ ရေမချိုးသေးဘူးလား အစရှိသဖြင့်ပေါ့လေ ဖေ့စ်ဘွတ်ပေါ် မှာ ပြောနေရေး နေကြတာတွေကို တွေ့ရတော့ ကလေးပေါက်စလေးတွေ ”မေမေ ဒီမှာကြည့်စမ်း သားဒီဟာလုပ်နေတယ်…ဟိုဟာလုပ်နေတယ်” အစရှိသဖြင့် ပြောတတ်ကြတာ မျိုးတွေကို ကျွန်မပြေးသတိရမိတယ်” ဟုလည်း သူကဆက်ပြောပါသေးသည်။
ဖေ့စ်ဘွတ်အသုံးပြုသူအချို့ သည် မိမိ၏အသိုင်းအဝိုင်းအတွင်း မိမိကို အများကစိတ်ဝင်စားခြင်း ခံရစေရန် လိုလားလျက်ရှိကြ ကြောင်းတွေ့ရသည်။ မိမိကို အများကအစဉ်စောင့်ကြည့်စေလိုခြင်း၊ မိမိ၏အပြောအဆို၊ လုပ်ဆောင်ချက်၊ မိမိ၏ဓာတ်ပုံများအပေါ် အားပေးမှုကို လိုလားနေကြခြင်းများ ပေါ်ပေါက်နေကြကာ ယင်းစိတ်အနေအထားရှိသူဦးရေမှာလည်း နေ့စဉ်ပင် တိုးပွားလာ ကြောင်း တွေ့ ရသည်။
ဖေ့စ်ဘွတ်ပေါ်တွင် ‘ထင်ရှား ကျော်ကြားသူကလေး’တစ်ဦး ဖြစ်လိုစိတ်မှာ ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများတွင် ရှိနေကြကြောင်း ပညာရှင်များက ထောက်ပြကြ သည်။
လူမှုကွန်ရက်ဝက်ဘ်ဆိုက်များနှင့် မျက်နှာမခွာလိုသူများသည် မိမိ၏ အစစ်အမှန် လောကနှင့် တဖြည်းဖြည်းကင်းကွာလာကာ အထီးကျန် ဆန်သည်ထက်ဆန် လာနိုင်ကြောင်း စူဆန်ဂရင်းဖီးက ပြောသည်။ ယင်းမှာ ‘သူတစ်ပါးက မိမိအကြောင်းကို သိနားလည်နေခြင်း’ ပုံစံဖြင့်သာ မိမိကိုယ်မိမိ သတ်မှတ် ပြဋ္ဌာန်းလိုစိတ် ဖြစ်ပေါ်နေခြင်းကြောင့် ဖေ့စ်ဘွတ်တွင် ထင်ရှားကျော်ကြား သူတစ်ဦး ဖြစ်ရေးကို အလေးပေး ဆောင်ရွက်နေကြခြင်း ဖြစ်၏။
”အဲဒီ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေမှာ ပျော်မွေ့နေကြသူတွေဟာ သူတို့ရဲ့အင်တာနက်ပေါ်က ဘဝကိုတကယ့်ဘဝတစ်ခုလို့ အထင်ရောက်လာကြတယ်။ တကယ်တော့ ဒါဟာ တခြားသူတွေက သူ့ကိုအထင်နဲ့ သတ်မှတ်ပြဋ္ဌာန်း ထားတဲ့ဘဝ ဒါမှမဟုတ် မောက်စ်နဲ့ ကလစ်လုပ်ထားတဲ့ဘဝပဲ”ဟု လည်း သူက ထပ်လောင်းပြောကြားသည်။
အသိ ကို သတိ နှင့်ယှဉ်၍ အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေ ....
အစဉ်လေးစားစွာဖြင့် ....









No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea