ပထမတော့ ကျွန်တော်လက်မခံခဲ့သလို ယုံလည်း မယုံကြည်ခဲ့ပါဘူး.....
ဒီလိုနဲ့တစ်နေ့......
ဆံပင်ကျောလယ်လောက်နဲ့ ကြည့်လိုက်တိုင်း လှနေတဲ့( ကျွန်တော်ထင်တာကိုပြောတာပါ ) ကောင်မလေး တစ်ယောက်ကို တွေ့ခဲ့တယ်......
တွေ့တွေ့ချင်းပါဘဲ..... ရင်ထဲမှာ နွေးခနဲ ခံစားလိုက်ရသလို.... ရင်ခုန်သံတွေတောင် မြန်လာမိတယ်....
ဒါလားကွ ပူလောင်ခြင်း ဆိုတာ..... မဖြစ်နိုင်ပါဘူး......
ညအိပ်တော့လည်း သူ့မျက်နှာလေးကို ထပ်ခါထပ်ခါ မြင်ယောင်နေမိသလို.... စိတ်ကူးတွေတောင်ရွက်လွှင့် နေလိုက်တာ တော်ရုံနဲ့ အိပ်မပျော်ခဲ့ပါဘူး......
နောက်နေ့ကျတော့ သူ့ကို တွေ့ချင်စိတ်တွေနဲ့ဘဲ.....တစ်ခြားလုပ်စရာအလုပ်တွေ မေ့ခဲ့ရတယ်.....
သူ့ကို တွေ့တဲ့အချိန်တွေမှာ
ကိုယ့်ရဲ့ အမူအရာတွေ ပြောင်းသွားလောက်အောင်ဖြစ်ခဲ့ရပြန်တယ်.....
သူ့ကို ရယူချင်တယ်.....
သူ့ဘဝလေးကို ပိုင်ဆိုင်ချင်တယ်.....
သူ့အတွက် ပေးဆပ်ချင်တယ်......
သူ့အတွက်ဆို စွန့်လွှတ်အနစ်နာခံချင်တယ်......
အို....စုံလို့ပါဘဲ.....နောက်ဆုံး ပြန်စစ်ဆေးလိုက်တော့ သူ့ကို ချစ်တယ် ဆိုတဲ့ အဖြေဘဲထွက်ခဲ့တယ်.....
ဒီအဖြေအတွက် အချိန်အတော်ကြာ ဘယ်သူနဲ့မှ စကားမပြောဘဲ အဖြေထုတ်ခဲ့ရတာ.... ခေါင်းတွေပူ/ ရင်တွေပူ နဲ့ပါဘဲ.......
ဒါလားကွ ပူလောင်ခြင်း ဆိုတာ...... မဟုတ်လောက်သေးပါဘူး......
ဒီလိုနဲ့ မရမက လိုက်ပြောရတာ အမောပါဘဲ.....
နေမထိ ထိုင်မသာနဲ့ ဘယ်လိုရောဂါလဲ လို့မေးရင်...... အချစ်ရောဂါ.... လို့ဘဲပြန်ဖြေရမယ် ထင်တယ်.....
သူ့ကို တစ်နေ့မတွေ့ရရင်..... စိတ်တိုသလိုလို..... တွေ့သမျှကို ပြဿနာရှာချင်လာတဲ့အထိပါဘဲ...... ရင်ထဲမှာလဲ ဒေါသလား? မောဟလား? လောဘလား? တော့မသိဘူး..... ပူထူထူနဲ့ဘဲ သူ့ကိုတွေ့အောင် ရှာခဲ့မိ တယ်......
ဒါလားကွ ပူလောင်ခြင်း ဆိုတာ...... ဟုတ်နိုင်တယ် ထင်တယ်......
ကြိုးစားခြင်းရဲ့ ရလဒ်လားတော့ မသိဘူး....... သူရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်......
သူများတွေအတွက်တော့ ကိုယ့်ချစ်သူ အဖြေပေးတဲ့နေ့ကို ဘယ်လိုနေလဲ မသိဘူး...... ကျွန်တော်ကတော့ အဲဒီနေ့မှာ ပိုပြီးတောင် အိပ်မပျော်ခဲ့ဘူး...... "ကိုယ့်ရင်ခုန်သံကို ကိုယ်ပြန်ကြားနေရတယ်....." လို့ရေးခဲ့တဲ့ စာရေးဆရာတွေကို ရယ်ချင်ခဲ့ပေမဲ့ ကိုယ်ကိုယ်တိုင် တကယ်ခံစားရတဲ့ အချိန်မှာတော့ မရယ်နိုင်တဲ့အပြင် အဲဒီရင်ခုန်သံကြီးရဲ့ဒါဏ်ကြောင့် ရင်ဘတ်တောင် အောင့်လာသလိုဘဲ.......
မာရသွန်ပြေးပွဲမှာပန်းဝင်လာတဲ့ အပြေးသမားတစ်ယောက်လို ရင်မှာ မောဟိုက်နေခဲ့မိတယ်....ပူလောင်နေခဲ့မိတယ်......
ဒါလားကွ ပူလောင်ခြင်း ဆိုတာ....... ဟုတ်တော့ ဟုတ်မယ် ထင်တယ်......
ချစ်သူဘဝရောက်တော့လည်း.......
စိတ်မချဖြစ်နေတဲ့ စက္ကံ့တွေကို ချစ်တဲ့စိတ်နဲ့မြှောက်...... သဝန်တိုတဲ့စိတ်တွေနဲ့ ပေါင်းလိုက်လို့ ရလာတဲ့ ကြာချိန်က တစ်ရက်ကို (၂၄) နာရီတောင်ရှိခဲ့တယ်.....
သူ ဘယ်သွားတယ်.....
သူ ဘယ်သူနဲ့ စကားပြောတယ်....
သူ ဘာတွေလုပ်တယ်.....
သူ ........
သူ ........
ဒါတွေ စဉ်းစားနေခဲ့တဲ့ ကြားကဘဲ......
သူ ငါ့ကို တကယ်ကော ချစ်ရဲ့လား........
သူ ငါ့ကို တကယ်သံယောဇဉ်ရှိရဲ့လား........
သူ ငါ့ကို .............
သူ ငါ့ကို .........
အဲဒီအကြောင်းတွေကလည်း ကြော်ငြာ ခဏခဏ ဖြတ်ဝင် နေခဲ့ရတယ်......
ရင်မှာစဉ်းစားတိုင်း ပူထူထူနဲ့ အလုပ်လုပ်မရတဲ့ အဆင့်ထိပါဘဲ......
ဒါလားကွ ပူလောင်ခြင်း ဆိုတာ........... ဟုတ်မှာပါလေ..............
ဒီလိုနဲ့ သိပ်မကြာပါဘူး........ ကျွန်တော့်ရဲ့ သဝန်တိုစိတ်တွေဘဲ များလို့လား? ချည်နှောင်မှုတွေဘဲ များလို့လား? သူဘဲကျွန်တော့်ကို တကယ်မချစ် လို့လားတော့ မသိဘူး......
သူ ကျွန်တော့်ကို "မုန်းတယ်" ဆိုတဲ့ စကားလေးကို ညင်ညင်သာသာလေးဘဲ ပြောသွားခဲ့တယ်.......
သူ့စကားသံလေးက ညင်သာပေမဲ့ ကျွန်တော့်အတွက်တော့ ဂျက်လေယာဉ် တစ်စီး လေယာဉ်ကွင်းမှားပြီး ကျွန်တော့်ရင်ဘတ်ပေါ် ဆင်းလာသလားအောက်မေ့မိတယ်.....
ရှေ့ရင်ခုန်သံက နောက်ရင်ခုန်သံကို ကျော်တက်ချင်နေတယ်......
မီးဝ,နေတဲ့ ပန်းဘဲဖိုက သံချောင်းကို ရင်ဘတ်ထဲထည့်ပြီး သူနဲ့စကားပြောနေရသလိုပါဘဲ.....
ကျွန်တော် စကားတွေ အများကြီးပြောလိုက်တယ်လို့ ထင်ခဲ့မိပေမဲ့ တကယ်တော့ ဘာစကားသံမှ ထွက်မလာခဲ့ဘူး( နောက်မှ လျှို့ဝှက်စွာ သိခဲ့ရတာပါ....)
ပူလောင်ခြင်းဒါဏ်ကို အပြင်းအထန်ခံရပြီးတဲ့ နောက်မှာ...... စိတ်ကို ဒုန်းဒုန်းချပြီး သူ့ကိုစကားပြောဖို့ အစချီလိုက်တယ်.... ဒါပေမဲ့ ကျွန်တော့်ရှေ့မှာ သူရှိမနေတော့ ပါဘူး......
အချစ်ဆိုတာ ပူလောင်၏....... ဟုတ်ပါသည်....မှန်ပါသည်.....အကြွင်းမရှိ ယုံကြည်မိပါသည်......
ကျွန်တော်ကိုယ်တိုင် မှတ်ချက်ချလိုက်တာကို ပိုပြီး ခိုင်မာအောင် သက်သေပြလိုလို့လားတော့ မသိဘူး.......
ဘေးနားက ဖြတ်သွားတဲ့ ထီလက်မှတ်ရောင်းတဲ့ကား က ဒီသီချင်းလေးကို ဖွင့်သွားခဲ့တယ်......
"အချစ် ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု.....
ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါ အခု......
မေတ္တာ ဟာအေးမြတဲ့ စမ်းချောင်းငယ်တစ်ခု.....
..........................
........."
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea