ညီအစ်ကိုနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တယ်လို့မရှိဘဲ လယ်ယာသုံးစက်ပစ္စည်းတွေကို တစ်ယောက်လိုအပ်တဲ့အခါ တစ်ယောက်က ပေးခြင်း၊ အလုပ်သမား၊ မျိုးစေ့ မြေဩဇာစတဲ့ လိုအပ်တာမှန်သမျှကို စိတ်ဝမ်းမကွဲကြဘဲ အပြန်ပြန်အလှန်လှန် ကူညီကြခြင်းဖြင့် နေလာခဲ့ကြတဲ့ နှစ်ပေါင်းလေးဆယ်အတွင်းမှာ အခုလိုရန်ဖြစ်ကြတာဟာ ပထမဆုံးအကြိမ် အကြီးကျယ်ဆုံးသော စိတ်ဝမ်းကွဲပြားမှုကြီးပဲ ဖြစ်ပါသတဲ့...
နောက်တော့ ကြာမြင့်စွာ အတူတကွ လက်တွဲဆောင်ရွက်လာခဲ့ကြတဲ့ ပူပေါင်းဆောင်ရွက်မှုဟာ ပြိုကွဲပျက်စီးသွားပါတော့တယ်။ ဒါဟာ မပြောပလောက်တဲ့ နားလည်မှုလွဲမှားတာလေးကနေ စတင်ခဲ့တာပါ။ သေးငယ်သော နားလည်မှု လွဲမှားခြင်းလေးက ကြီးကျယ်တဲ့ ကွဲပြားခြားနားမှုကြီးကို ဖြစ်ပေါ်စေခဲ့တယ်။ နောက်ဆုံးတော့ ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ကြတော့ဘဲ တစ်ယောက်ကိုတစ်ယောက် ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ နင်ပဲငဆ ဆဲရေးတိုင်းထွာကြတဲ့အထိ ဒေါသတွေ ပေါက်ကွဲကုန်ကြပါတော့တယ်။ ဒီတော့ ညီအစ်ကိုနှစ်ယောက် မတည့်ကြ မခေါ်ကြတော့ဘဲ နေ့ရက်ပေါင်း အတော်ကြာခဲ့ကြပြီ။
တစ်ခုသော မနက်ခင်းမှာတော့ အစ်ကိုဖြစ်သူဟာ သူ့ရဲ့ အိမ်တံခါးကို လာခေါက်သံကြားလို့ တံခါး ထဖွင့်ပေးလိုက်တဲ့အခါ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့လက်ထဲမှာ လက်သမားတွေ အသုံးပြုလေ့ရှိတဲ့ လက်သမားအသုံးအဆောင်ပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာလေးတစ်လုံးကို ကိုင်ထားပါတယ်။ သူက
‘ကျွန်တော် ရက်အနည်းငယ်လောက် လုပ်ရမယ့် အလုပ်ကလေးတစ်ခုလိုချင်လို့ အလုပ်လိုက်ရှာနေတာဗျာ၊ ကျွန်တော့်အတွက် ခင်ဗျားမှာ လုပ်စရာ တောက်တိုမယ်ရအလုပ်ကလေးတွေ မရှိဘူးလား’
လို့ ပြောလိုက်တဲ့အခါ အစ်ကိုဖြစ်သူကလည်း
‘ဟုတ်ကဲ့ ကျွန်တော့်မှာ ရှိပါတယ်ဗျာ’
လို့ ပြန်ပြောလိုက်ပါတယ်။
'ကျွန်တော့်အတွက် ခင်ဗျားလုပ်ပေးရမယ့် အလုပ်ကတော့ တခြားမဟုတ်ပါဘူး။ ချောင်းငယ်လေးခြားထားတဲ့ ဟိုလယ်တောလေးကို လှမ်းကြည့်လိုက်စမ်းပါ။ အဲဒီခြံလေးဟာ ကျွန်တော့်ရဲ့ အိမ်နီးနားချင်းပဲ။ တကယ်တော့ဗျာ အဲ့ဒါ ကျွန်တော့်ညီလေးပဲပေါ့။ လွန်ခဲ့တဲ့အပတ်က အဲဒီနေရာဟာ မြက်ခင်းပြင်ပဲ။ ဒါပေမဲ့ သူက မြစ်ရောက်တဲ့အထိ ရေကာတာလုပ်ဖို့ သူ့ ဘူဒိုဇာကြီးနဲ့ ထိုးပစ်လိုက်တယ်။ သူနဲ့ကျွန်တော့်ကြားမှာရှိတဲ့ အဲဒီ မြက်ခင်းပြင်နေရာလေးဟာ အခုတော့ ချောင်းကလေး ဖြစ်သွားခဲ့ပြီ။ သူဟာ ကျွန်တော့်ကို မလိုမုန်းထားတဲ့စိတ် အာဃာတစိတ်တွေနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်။ ကျွန်တော်က သူ့ထက်သာအောင် လုပ်ပြလိုက်ချင်တယ်။ ဟို.. တင်းကုပ်နားမှာ စုပုံထားတဲ့ ပျဉ်ပုံကြီးကို တွေ့တယ်မဟုတ်လား။ အဲဒီပျဉ်တွေနဲ့ ခင်ဗျား ကျွန်တော့်ကို အမြင့်ရှစ်ပေရှိတဲ့ ခြံစည်းရိုးတစ်ခု ကာပေးပါ။ အဲဒီလို ကာလိုက်ရင် ကျွန်တော့်အနေနဲ့ သူ့နေရာနဲ့ သူ့မျက်နှာကို နောက်ထပ်ကြည့်စရာ မလိုတော့ဘူးလေ။'
ဒီတော့ လက်သမားက
‘အခြေအနေကို ကျွန်တော် နားလည်သဘောပေါက်ပါပြီ။ ကျွန်တော့်ကို သံနဲ့ တိုင်စိုက်ဖို့ တွင်းတူးစရာ တံရွင်းတစ်ခုပေးပါ။ ခင်ဗျားဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်လုပ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်’
လို့ ပြောလိုက်ပါတယ်။ အစ်ကိုဖြစ်သူက လက်သမားလိုအပ်တဲ့ ပစ္စည်းတွေပေးပြီး မြို့ထဲကို ထွက်သွားပါတော့တယ်။ လက်သမားဆရာကတော့ နေရာတိုင်းလိုက်၊ သစ်သားတွေ သွားဖြတ်လိုက်၊ သံရိုက်လိုက်နဲ့ တစ်နေကုန်ကြိုးစားပြီး အလုပ်ကို လုပ်နေပါတော့တယ်။ ညနေမိုးချုပ်လို့ မြို့ထဲသွားတဲ့ အလုပ်ရှင်လယ်သမား ပြန်လာတဲ့အခါမှာ လက်သမားရဲ့အလုပ်ဟာ ပြီးစီးနေပါပြီ။
အစ်ကိုဖြစ်သူဟာ လက်သမားဆရာရဲ့ လက်ရာကို ကြည့်လိုက်တဲ့အခါ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူခိုင်းတဲ့နေရာမှာ ဘာခြံစည်းရိုးကိုမှ မတွေ့ရပါဘူး။ သူ မြင်တွေ့လိုက်ရတာက
ချောင်းလေးကို ပေါင်းကူးပေးထားတဲ့ ကိုင်စရာ လက်ရမ်းလေးတွေပါတဲ့ အလွန်လှပတဲ့ တံတားလေးတစ်စင်းကိုပါ။
တံတားရဲ့ ဟိုမှာဘက်ခြမ်းကနေ ညီဖြစ်သူဟာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး တံတားကလေးရှိရာကို ဦးတည်လျှောက်လှမ်းလာပါတယ်။ ပါးစပ်ကလည်း
‘ခင်ဗျားဟာ ကျွန်တော်ပြောထားတဲ့အတိုင်း ဒီတံတားကို ဆောက်နိုင်ခဲ့တာ သိပ်တော်တဲ့ လူပါပဲဗျာ’
လို့ အော်ပြောလိုက်ပါတယ်။
ညီအစ်ကိုနှစ်ယောက်ဟာ တံတားရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကနေ ကိုယ်စီလျှောက်လာကြတယ်။ တံတားကလေးရဲ့ အလယ်တည့်တည့်မှာ ဆုံလိုက်ကြပြီး တစ်ယောက်လက်ကို တစ်ယောက် လှမ်းဆွဲလိုက်ကြပါတော့တယ်။
ညီအစ်ကိုနှစ်ယောက်ဟာ လက်သမားဆရာကို လှမ်းကြည့်လိုက်တဲ့အခါ လက်သမားဆရာဟာ သူ့ရဲ့သေတ္တာလေးကို ပုခုံးပေါ်မှာ ထမ်းထားတာကို တွေ့မြင်လိုက်ပါတယ်။ ဒီတော့ အစ်ကိုဖြစ်သူက
‘နေပါဦးဗျာ။ မသွားပါနဲ့ဦး။ ဒီမှာ အေးအေးဆေးဆေး နေပါဦး။ ကျွန်တော့်အတွက် ခင်ဗျားလုပ်ပေးရမယ့် အခြားအလုပ်တွေ အများကြီး ရှိပါသေးတယ်’
လို့ လှမ်းပြောလိုက်တဲ့အခါမှာတော့ လက်သမားဆရာက
‘ကျွန်တော် ဒီမှာဆက်ပြီးနေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဆောက်စရာတံတားတွေ အများကြီး ကျန်နေပါသေးတယ်။ ကျွန်တော့်ကို သွားခွင့်ပြုပါဦးဗျာ’
လို့ ပြောပြီး လယ်တောလေးကို ကျောခိုင်းထွက်ခွာသွားပါတော့တယ်။
နေ့စဉ်နဲ့အမျှ မြင်တွေ့ ကြားသိနေရတဲ့ အမုန်းတရားတွေ၊ ဝိရောဓိတွေ၊ အာဃာတတွေ၊ ပဋိပက္ခတွေနဲ့ နစ်မွန်းနေတဲ့ အဲဒီယာတောထဲမှာ ကျွန်တော်တို့တစ်တွေက ဘာတွေ စိုက်ပျိုးကြမှာလဲ။ သေချာတာတစ်ခုက အဲဒီယာတောထဲမှာ ချောင်းတွေ အများကြီး ရှိနေခဲ့ကြပြီ။ ကျွန်တော်တို့တစ်တွေ ဘာလုပ်ကြမှာလဲ။ ခြံစည်းရိုးကာမှာလား၊ ဒါမှမဟုတ် တံတားဆောက်ကြမှာလား။ ခြံစည်းရိုး ကာချင်သူတွေလည်း ရှိချင်ရှိမယ်။ တံတားဆောက်ဖို့ စိတ်အားထက်သန်နေကြသူတွေလည်း ရှိချင်ရှိမယ်။
FreeIdea ရဲ့စိတ်ရင်းအတိုင်း ဆုတောင်းပေးချင်ပါတယ် ......
လှပခိုင်ခံ့တဲ့ တံတားလေးတွေ တည်ဆောက်နိုင်ကြပါစေ ....
MCM မှ ပြန်လည်မျှဝေပါသည်။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea