Tuesday, June 17, 2014

Pin It

Widgets

တစ်ချိန်တုန်းက ပြည့်တန်ဆာမလေးတစ်ဦး အကြောင်း

အခန်း(၁)

"ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါအုန်း...... သခင်မ နားကြားများလွဲ လေသလားကွယ် "

"ဟုတ်ပါတယ် သခင်မ …သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်း နေ ပါတယ် …."

"မဖြစ်နိုင်တာကွယ် … သခင်မဘဝမှာ အမျိုးသမီးကတွေ့ခွင့်တောင်း တယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …
တစ်လကြိုတင် ချိတ်ဆက် ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား …
"

"သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက် ပါသခင်မ … ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့နှစ်ကိုယ်ကြားပြောပါရစေတဲ့ …."

"ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခဏစောင့်ဖို့ ပြောထားလိုက်နော် …."

အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ ….

ကိုယ် ကို မှန်ရှေ့မှာတစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံ လေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ် …။

အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား ….

ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ ကျမ လောက်မလှပေမယ့် အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့နဲ့သက်တူရွယ်တူလောက်ရှိမယ့် မိန်းခလေး တစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခန်းနားပုံကို … စိတ်ဝင်တစားကြည့်ရင်း ကျမ ကို စောင့်နေတာ တွေ့လိုက်ရတယ် ….

"ကျမ သီရိမာ ပါ …."

သူကျမကို မော့ကြည့်ပြီး … ပါးစပ်အဟောင်းသားနဲ့ခဏငေးမောသွားတယ် … ပြီးမှ သတိ ၀င်လာပြီး ….

" ဒီလောက်လှပ ကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံး ဘွဲ့ကိုခံယူထားတာပဲ … ကျမတောင် ငေးမိ သွားရတယ် …. ကျမက ဥတ္တရာ ပါ …. သုမန သူထေးကြီးရဲ့ ချွေးမပါရှင် …"

" သြော် … နန္ဒသူထေး လေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဘူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ််ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ … ဒီမယ် … ကျမပြောပြပါအုန်းမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူထေးသူကြွယ်တွေထဲမှာ … ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသော သူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့ သိမ်မွေ့တဲ့ … ပြုစုမှု အောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား …"

"အင်း …. သူ သီရိမာနဲ့မတွေ့ဖူးတာ ကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမ ကပဲ သီရိမာ ဆီလာပြီး သီရိမာကလာဘို့အကူ အညီတောင်းရတော့ တာပေါ့ရှင် …. "

"ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား"

"ကျမသိတာက ဂုဏ်သရေရှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦး လှည့်မှာသိတ်ကြောက်ကြတယ်လေ …"

" ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူထေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားကို … သက်ဝင်ယုံကြည်မှုမရှိသေးဘူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံ သေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာဝနာကိုအားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် …"

"ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ …."

"ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမြစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ …"

"အို … အမ ဥတ္တရာ … ကျမအမေ လဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံ လုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော သူလဲ အိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ ဘူး …. ခုလဲကြည့်လေ .. ကျမမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျမအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျမရဲ့ ပျိုမြစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား …."

သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် ….

"ကျမဘယ်လိုကူညီရမလဲ … ပြောလေ"

"ဆယ့်ငါးရက် တိတိ ကျမအိမ်မှာလာနေပြီး ကျမခင်ပွန်းကို … ခင်ပွန်းတစ်ယောက် လ ို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျမ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ် …."

"ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ် လို့ အမထင်လားဟင် …."

"ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လားညီမလေးရယ် …. ပျိုမြစ်မှု နဲ့ … အလှ အပကို ကိုးကွယ်တဲ့ ယောကျ်ားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ …"

"တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကား ကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီ ကို မြင်မိလို့ပါ …."

"၀မ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက် ပါ့မယ် "

"အို … ကိစ္စမရိုပါဘူးအမ … ကျမရထားနဲ့ပဲလာခဲ့ပါ့မယ် …."

အခန်း ( ၂ )

ကျမ ရဲ့ မြင်းဖြူ လေးကောင် ကတဲ့ ရထားလုံး နန္ဒ သူဌေးလေး အိမ်ရှေ့ ရောက်တယ် ဆိုရင်ပဲ … ကျမနဲ့ အတူပါလာတဲ့ အလုပ်သမားတွေက .. ကျမကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာ က အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျမကို သူ့ လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျမ သေတ္တာတွေကို သယ်သွားကြပါတယ် ….

သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် …
"ညည်းတို့အရှင် … အခန်းတွင်းမှာလား …"

"ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်း နဲ့ ကပ်လျှက် အခန်းမှာ ပြင်ထား ပါတယ် …. "

" အေး အေး မင်းတို့လွပ်လပ်စွာနေကြတော့ …."

သူကျမကိုလက်ဆွဲခေါ်လာပြီး … ကျမအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်း ရှေ့မှာ .. ရပ်ပြီး …

"ခဏတစ်ဖြုတ်နားအုန်းနော်ညီမလေး …. ခဏနေ သူဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…။"

သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘဝအကြောင်းစဉ်းစားမိတယ် ….

ကျမရဲ့ မိခင်အမည်က သလ္လဝတီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ် မိန်းခလေး တစ်ယောက် သိပ်ချော သိပ်လှလို့ ( ရ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်း ယူရပြီ ဆိုရင် …. ဒီမိန်းခလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် …

ဘုရင်ကိုယ်တိုင် …စံနန်း ဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုး ရာဇာ နဲ့ ဘုရင် ဘွဲ့ပေး ထားတဲ့ သူဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနား တွေကို ဦးစီး ရတယ် …

တစ်ပြည်ထောင်မင်းတွေကိုဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ်

ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသား က ကျမအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး )

ကျမရဲ့မိခင်ဟာ … အဘယ မင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောကျ်ားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီဝက လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် …

ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျမကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။

ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျမကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမား တော်ကြီးဇီဝက ဆိုပြီးူ ထင်ရှားခဲ့သလို … ကျမဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ် အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည် ရဲ့ အဓိကကျတဲ့ ၀န်ထမ်း တစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီး ပျိုတွေ ဟာ…. မဟာဆီမဟာ သွေး ပဲဖြစ်ရတယ် လေ ….

ကျမတတ်အပ်တဲ့တာဝန် …ဟုတ်လား …အဲ့တာတွေက ….
၁။ အကမျိုးစုံ ကပြ သင်ပြတတ်ရတယ်
၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်ရတယ် …
၃။ အခါရာသီအလိုက် သင့်တော်တဲ့ဝတ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ်
၄။ ရုပ်နဲ့ လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ ကုတင် … ပန်းအလြှပင် ..စံအိမ်တော် ရှုမဝကျက်သရေနဲ့ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု
၇။ သေရည် သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျျော်ပုံအမျိုးမျိုးအတတ်
၉။ လေး မြှားကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ်
၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု
၁၁။ ပန်းချီ
၁၂။ အဝတ်အစား တို့ကိုကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု
၁၃။ ခလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ်
၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင် မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုငငံအတွက်သီတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် ….
၁၅။ ကွမ်းယာခြင်းအတတ်
၁၆။ အိမ််တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း …
၁၇။ လင်ယောကျ်ားနှစ်သက်ကျေနပ်အောင ်ပြုစုခြငး အတတ်နှင့်ပြန်လည် သင်ပြခြင်း အတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။
ဒါ့အပြင် မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက်ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆို ဖျော်ဖြေ ကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။
( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲ ပါတယ် …. တစ်နှစ်တစ်ကြိမ် နိင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်း သီကုံး ဖျော်ဖြေ ရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် )

ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့

ကျမအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီ ဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေ ထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော် ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာ ထေရီမကြီး ဖြစ်နေပြီပေါ့ …

အင်း ..ကျမလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျမ ခြေထောက် လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေ ရဲ့ငွေ အား လုံး ကျမခြေထောက်အောက်ရောက်လာတာလေ ….

ဒေါက် ဒေါက် …
"ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင် …"

သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …. ကျမရဲ့ကပ်လျှက် အခန်းထဲမှာ .. သူဌေးလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …

သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ငြားမွန်ရည်တယ် … အပူအ ပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံ ပုံပဲ …

ဥပတိရုပ် ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံး အားသန်ပုံပဲ ဆိုတာအကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ် လို ဖွယ် အဆင်း ရှိသူ လို့သတ်မှတ်ရမှာပါ…။

"သီရိမာ …. ရောက်လာပါပြီ … အရှင့်သား …."

သူကျမကို လှမ်းကြည့်လိုက်တယ် …ကျမလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်း သေပြီ … သူ့အကြည့်ကို ကျမရဲ့ရူပါရုံက သံလိုက်လို ဆွဲဆောင်သွားပြ ီ… မခွာ တော့ဘူး … သူ ဥတ္တရာ ရှိနေတာ မသိတော့ဘူး …
"ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေ အမှုလုပ်များ ကလဲ ရှင့်ကို .. ကျမနဲ့မခြား … ခစား ရိုသေကြပါလိမ့်မယ် …."

ကိုယ့်ခင်ပွန်းလိုသဘောထား … ဒီစကားက ကျမကို ပီတိဖြစ်စေတယ် …

ကျမ ဥတ္တရာကိုခေါင်းညှိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံး ကြည့်နေ ရာက မခွာနိုင်သေးဘူး …။

ဥတ္တရာထွက်သွားပါတယ် … သူကျမကိုကြည့်နေတုန်း …. ကျမသူ့နားတိုး သွားလိုက် တယ် …

"ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင် …"

"အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ …"

"ဘာလို့ …"

"နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များ မက်နေသလားလို့ ပါ … လှလိုက် တဲ့ သီရိမာရယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာ ကို … မတွေ့ခဲ့ရ
တာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ ...
"

ကျမလဲသူ့ကိုမြင်မြင်ချင်း စိတ်ဝင်စားမိတယ် … ဒီရက်တွေ သူ ကျမကို သူ့မျက်စိ အောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အဝတ်အစားကအစ သီရိမာ ဆင်မှ … ကျမတို့ ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျမကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုး ခစားကြတယ် … ကျမထင်တယ် .. သူကျမကိုလက်လွှတ်မခံတော့ဘူး … ကျမလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက် လိုပဲနေချင်လာတော့တယ် ….

ကျမတို့ … အချိန်တွေကိုမေ့နေကြတယ် …. သူက သူနဲ့ ကျမ စတွေ့တဲ့နေ့ကို သူနဲ့ ကျမရဲ့မင်္ဂလာအထိမ်းအမှတ်နေ့လို့သတ်မှတ်တယ် … သိပ်ပျော်နေခဲ့ကြတာ ..။

ဒီလိုနဲ့နန္ဒသူဌေးရင်ခွင်မှာ ကျမနေနေခဲ့တာ နှစ်ပတ်ပြည့်ခဲ့ပြီ ….

အင်း သမဏေ ဏ … သမဏော … ဂေါဏေ ဏ... ဂေါဏော တဲ့ …

ကိလေသာတပ်မက်သူနှင့် … တရားကျင့်သူ …
နေ့စဉ် ဗုဒ္ဓဝေယျာ ၀စ္စ နှင့် သီလမြဲသူ ဥတ္တရာနှင့် …. ကာမ ကို အလွန်အကြူးတပ်မက်သူ … နန္ဒ … စည်းဝါးမကိုက်နိုင်ပါဘူး ….

ကျမ နဲ့ နန္ဒ ကတော့ သံလိုက်နှင် သံကဲ့သို့ …. သိပ်လိုက်ဖက်တယ် …. ပြီးတော့ ကျမတို့နှစ်ယောက် မခွဲနိုင်တော့ဘူး … ကျမစိတ်ကို ကျမသိနေပြီ … ကျမ သူ့ကိုမခွဲနိုင် ဘူး ….

မနက်ဖြန်ဆယ့်ငါးရက်ပြည့်မြောက်ပြီ …. လင်သားကင်းမဲ့သောအိမ်သို့ပြန်ရတော့မည် … ငါဒီအိမ်ကိုသိပ်စက်ဆုတ်တယ် ….

အကယ်၍ ဥတ္တရာ သေပြီး … ငါသာ နန္ဒ ဇနီးဖြစ် ခဲ့သော် … ကျမဆက်၍မတွေးချင်တော့ … ကျမစိတ်ထဲမှာပြင်းပြနေတာ … ကျမသာနန္ဒရဲ့ ဇနီးမယား … ဒီအိမ်ကြီးရဲ့သခင်မ …

နန္ဒ သလွန်တက်ကထပြီး … ပြူတင်းပေါက်မှာ သွားရပ်နေတာ တွေ့ရတယ် … ကျမက နန္ဒ မှီဝဲတဲ့ ရသာယနဆေးအတွက် ထောပတ် ပိသာလောက်ကို ..ကြေးအိုးနဲ့ကျိုနေတယ် … ထောပတ်တွေပွက်ပွက်ဆူနေပြီ …

ကျမ နန္ဒကို တစ်ချက်လှမ်းကြည့်လိုက်တယ် … သူပြူတင်းပေါက်ကနေ … အောက်ကို ငုံ့ ကြည့် ပီး …. ခေါင်းတညှိမ့်ညှိမ့်နဲ့ ပြုံးပြီး အခန်းထဲပြန်လှည့်ဝင်လာတယ် …

ဟင် …သူဘာကြည့်တာလဲ … ဘာလို့ပြုံးတာလဲ … ကျမအပြေးအလွှား ပြူတင်းနားကို သွားကြည့်လိုက်တယ် …

ချွေးသံ တရွှဲရွှဲ နဲ့ ဗုဒ္ဓနဲ့ သံဃာတွေအတွက် ဆွမ်းချက်နေတဲ့ … ဥတ္တရာပါလား

တောက် … ဒီမိန်းမ …

ဟား …. တရားကိုပဲနှစ်သက်တဲ့ မိန်းမမှာ ဘာလို့ အဖိုးတန်လင်ယောကျ်ားရှိရတာလဲ … ငါ့လို .. ပညာတတ် အရာရာပြည့်စုံပြီး လင်သားကို မကုန်ခမ်းနိုင်တဲ့ … သာယာမှု ပေးတတ် သူ မှာ ကျတော့ ဘာလို့ လင်သားမရှိရတာလဲ …

ကျမ သူမကို စူးစူးရဲရဲ ကြည့်နေချိန်မှာ … သူမကလဲ အမှတ်တမဲ့ … မော့အကြည့် … ကျမကိုလဲတွေ့ရော … လှမ်းပြီး ပြုံးပြတယ် ….

ကြည်လင် သန့်ရှင်းတဲ့အပြုံး … ကျမဒေါသကိုဆွစေတဲ့ အပြုံး … ငါ့လောက်မချော တဲ့မိန်း မမှာ … ဘာလို့ဒီလို စွဲမက်ဖွယ် ဖြူစင်အပြစ်ကင်းတဲ့ အပြုံး ရှိနေရတာလဲ ….

သင်းက .. ငါ့ကို ခုထိ အနိုင်ယူနေတုန်းပါလားးး …

ကျမဘာမှစဉ်းစားမနေတော့ဘူး … မီးဖိုပေါ်က ကျိုက်ကျိုက်ဆူနေတဲ့ ထောပတ်ဆီပူအိုး ကို … သတိထား မ လာပြီး … ဥတ္တရာခေါင်းပေါ် လောင်းချလိုက် ပါတော့တယ် …
"အမလေး … ဘယ့်နှယ် လုပ်လိုက်တာတုန်း …"

သခင်မကို ကယ်ကြပါအုန်း …..

၀ိုင်းအော်ကြသော အသံနှင့်အတူ … ယောကျ်ားမိန်းမများ တဝုန်းဝုန်း အပေါ်ထပ်သို့ ပြေး တက်လာ ကြပြီး … ကျမကို ဆွဲထုတ် ရိုက်နှက််ကြပါတော့တယ် …

သူ့အခန်း ခနပြန်သွားတဲ့နန္ဒလဲ ပြေးထွက်လာပြီး …

"ဟဲ့ ဟဲ့ သီရိမာကို မင်းတို့ဘယ်လိုပြုနေကြတာတုန်း …" ဆိုပြီးတားတယ် …

"မဟုတ်ဘူး အရှင့်သား … သူသခင်မကို ..ထောပတ် ဆီပူရေတွေနဲ့လောင်းချတယ် အရှင့်သား …."

"ဟင် … ဥတ္တရာ … ငါ့ရဲ့ဥတ္တရာ … သေရှာပြီလား …"

နန္ဒ အပူတပြင်း ပြေးဆင်းသွားတယ် …. ကျမသိသွားပြီ … ကျမရဲ့ဘဝအမှန် …
ငါကားအခစားး …. ရိုင်းရိုင်းပြောရရင် ကြေးစား …. ဥတ္တရာက နန္ဒရဲ့ ကြင်သူသက်ထား … ဇနီးမယား ….

ထာဝရမယားဖြစ်လို၍ ပြုမှား မိသည့်တိုင်အောင် နန္ဒ၏ မေတ္တာစစ်ကား … ငါ့အပေါ်မှာ မဟုတ် … ဥတ္တရာ အပေါ်မှာသာ ရှိတာငါသိရပြီ …

၀ိုင်းဝန်းရိုက်နှက်နေတာကို နာမှန်းမသိတော့ဘူး … ရှက်ခြင်း .. ပူလောင်ခြင်း … ၀မ်းနဲခြင်း … ယူကျုံးမရဖြစ်ခြင်း ရောထွေးနေခဲ့တယ် … ဒီအချိန်မှာပဲ …

"ဟဲ့ … ဟဲ့ … ငါ့ကျေးဇူးရှင် ခင်ပွန်းမကို အန္တရာယ် မပြုကြနဲ့ ရပ်ကြတော့ တော်တော့" ဆိုပြီး ကျမကိုယ်ပေါ်မှာလှဲချအုတ်မိုးပြီး … ၀င်ကာတဲ့ ဥတ္တရာ ကိုတွေ့လိုက်ရလျှင်ပဲ … ကျမလန့်လွန်းလို့ ကြက်သေသေသွားခဲ့တယ် ….

ထောပတ်ရေတေ ွတစ်ကိုယ်လုံးရွှဲရွှဲစိုနေပါ လျှက် … ထိုအပူဟာ သူ့မေတ္တာဓါတ်ကို မကျော်လွှားနိုင်ကြောင်း … မျက်စိနဲ့ တပ်အပ်မြင်တွေ့လိုက်ရတယ် …

"သူမတော်တဆပြုမိတာဖြစ်မှာပါကွယ် …"

"မဟုတ်ဘူးအရှင်မ .. သူကျကျနနလောင်းလိုက်တာ … ကျမသေသေချာတွေ့လိုက်တယ် …."

"ကဲ ..တော်ပါပြီ …ထားလိုက်ပါတော့ … ငါ့မှာမှအန္တရာယ်မဖြစ်ပဲကွယ် … စိတ်မဆိုးကြပါနဲ့ … သူဟာ သခင်မတို့ကျေးဇူးရှင်လေ … သူသာ အရှင့်သားကို လာမပြုစုမစောင့် ရှောက ်ရင် .. သခင်မတို့လဲ … ၀ိတက် .. ၀ိစာရ ရှင်းရှင်းနဲ့ ဗုဒ္ဓကို ဆွမ်းလုပ်ကျွေး နိုင်မှာမဟုတ်ဘူးလေ … ကြည့်စမ်းပါအုန်း … သူ့ခမျာဒါဏ်ရာတွေတောင်ရနေရှာပြီ … မင်းတို့အားလုံး သူ့ကို တောင်းပန် လိုက်ကြ …."

သူကိုယ်တိုင် ပျာပျာသလဲ ဆေးလိမ်းပေးရှာတယ် …. နန္ဒကတော့ ကျမကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး အပါးက လှည့်ထွက် သွားတယ် ….

"ကျမ မှားပါပြီအမရယ် … အမက တစ်ကယ့် သူတော်ကောင်းပါ …"

"မငိုပါနဲ့ ညီမရယ် … မငိုပါနဲ့ … ပုထုဇဉ်ဆိုတာ … ရာဂပွားသလောက် မှားကြတာ ပဲလေ …"

"ကျမတိုခွင့်လွှတ်တာ … အမကို သိပ်အံ့သြမိတယ် …. ကျမကို မမုန်းဘူးလားဟင် …"

"ညီမလေးကိုမုန်းလိုက်ရင် …. ထောပတ်ပူတွေဟာ တစ်ကိုယ်လုံးကို … လောင်မြိုက်တော မှာပေါ့ … ကြည့်ပါလား … ညည်းလေးအမ ဘာမ မှ မဖြစ်တာ …။
ဒါဟာ အမက ညီမကိုမမုန်း ဘူဆိုတဲ့ အထင်ရှားဆုံးသက်သေပါပဲညီမလေးရယ် ….
"

ကျမသူ့ကိုဖက်ပြီး အားရပါးရငိုလိုက်တယ် ….

အခန်း ( ၃ )

အဲ့ဒီနေ့ကပဲ … ဥတ္တရာရဲ့ အကူအညီနဲ့ … ကျမအိမ်ကိုပြန်ခဲ့တယ် … ဗုဒ္ဓနဲ့ရဟန်း ၅၀၀ အတွက် ဆွမ်း ဆွမ်းဟင်းတို့ကို … တစ်ညလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ် ….

နောက်တစ်နေ့မှာ … ကျမပိုင်တဲ့ မြင်းဖြူလေးကောင် ကတဲ့ ရထားလုံးပေါ်မှာ ဆွမ်းဟင်း အပြည့်နဲ့ … ဥတ္တရာအိမ်ကို ဒုတိယအကြိမ် … ရောက်လာခဲ့တယ် ….

ပထမတစ်ကြိမ်က … လျှပ်ပေါ်လော်လီသောစိတ်ဖြင့် …ကိုယ်တွင် လှသထက်လှအောင် … မာနဆောင်လာပြီး …

တခုတစ်ကြိမ်လာရာမှာတော့ …ကျိုးနွံအောက်ကျို့သော စိတ် … တစ်ညလုံးပင်ပန်း ထား သော်လည်း …. ၀င်ဝါမှုမရှိ ပကာသနမဆန်သောအဝတ်တို့နှင့် …

ဖြူစင် တက်ကြွသော အပြုံးကိုဆောင်လျှက် ….. ဆွမ်းအုတ်ကို ခြေလျှင်သယ်လာသော ကျမကို … လမ်းသွားလမ်းလာများမြင်ပြီး … ပီတိသောမနသ ဖြစ်နေကြပါတယ် …

ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အချိန်မှာ … လူအားလုံးက ဖခင် လို့ ခေါ်ရတဲ့အကြောင်းရင်းကို သိခဲ့ရတယ် ….

ဗုဒ္ဓ ကိုဒီနေ့ဒီရက်ထိ မဖူးတွေ့ပဲနေခဲ့တာ … ကျမကိုယ်ကျမ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိပါဘူး … မိသီရိမာ ….

လှလိုက်တဲ့သီရိမာရယ် …လှလိုက်တာ … ဒီနေ့ဒီရက်ထိ …သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ …. ။

မိန်းမယုတ် …. ။ ( ပြန်ကြားယောင်ပြီး ကျမကိုယ်ကျမ ကျိန်ဆဲမိ ပါပြီ )

ဆွမ်းဘုန်းပေးပြီးနောက် …. ဗုဒ္ဓက ကျမကို ဂရုဏာ အပြည့်ပါတဲ့ အပြုံးနဲ့ လှမ်းကြည့် ပါတယ် … ကျမက "ဖခင် … ယမန်နေ့က .. ကျမဟာ … ကျမရဲ့ကျေးဇူးရှင် … ဥတ္တရာကို မပြုကောင်း မပြု အပ သောအရာ … ထောပတ်ဆီပူလောင်းပြီးသေကြောင်းကြံခဲ့ပါတယ် … သူတော် ကောင်း ကိုစော်ကားမိတဲ့အတွက် … ကြီးစွာသော အပြစ်မှ လွတ်မြောက်ချင်တဲ့အတွက် …. ကြီးစွာသော နောင်တတရားနှင့်အတူ … အဖ ဘုရားရှင် ရှေ့မှောက် ရောက်လာခဲ့ ပါတယ် …."

"ချစ်သမီး …. သူတော်ကောင်းကိုပစ်မှားလျှင် … ကြီးစွာသော အပြစ်ရှိသည်ဟု မှတ်လေ လော့ …. "

ချစ်သမီး … ချစ်သမီးတဲ့ … ဘဝမှာ တစ်ခါမှမကြားဖူးခဲ့တဲ့ … လောကမှာ ကျမကို ဒီလို ခေါ်မယ့်သူ မရှိဘူးထင်ထားတာ …. မရှိဖူးတဲ့ ဖခင်ဆိုသူ ဆီက ကြား ချင်ဆုံးစကား …. ဗုဒ္ဓက ချစ်သမီးတဲ့ … ကျမမျက်ရည်တွေကျလာပါတယ် … ။

"ချစ်သမီးဥတ္တရာ … ထောပတ်ဆီပူရည ်နှင့် လောင်းသောအခါ အသို့ရှိသနည်း …."

"တပည့်တော်သည် …သီရိမာကျေးဇူးကြောင့် …ဒါနကိုပြုခွင့်ရပေသည် … သီလကို ဆောက်တည်ခွင့် ရပေသည်… ဗုဒ္ဓကို ဖူးတွေ့ဆွမ်းလုပ်ကျွေးခွင့်ရပေသည် …. သီရိမာ ကားကျေးဇူးရှင်ပေတကားဟု … လွန်စွာချစ်ကြည်သော မေတ္တာ ဓါတ်ဖြင့် ခံနေ ပါသည် ဘုရား "

"သာဓု သာဓု သာဓု ဥတ္တရာ …
အမျက်စောင်းမာန်ကြီးသူကို …. 
အမျက်မရှိခြင်းဖြင့်အောင်နိုင်ရာ၏ …။

သူတော်မဟုတ် အကျင့်ယုတ်သူကို ….
သူတော်အကျင့်ဖြင့်အောင်နိုင်ရာ၏


၀န်တိုစဉ်းလဲ … စေးနဲသူကို ….
စွန့်ကြဲပေးကမ်း …. လှူဒါန်းခြင်းဖြင့်အောင်နိုင်ရာ၏ ….


ချွတ်လွဲဖောက်ပြန် … မမှန်စကားဆိုသူကို …
သစ္စာစကားဖြင့်အောင်နိုင်ရာ၏ ….


ကျမ မျက်ရည်တွင်တွင် စီးကျသည်အထိ ပီတိဖြစ်ခဲ့ရသည် …. သည်မျှသော တရား အစုလေးဖြင့် ကျမစိတ်ကိုချက်ချင်းသိလိုက်ရသည် …

အယူအဆအလွဲများ … သို့လောသို့လော တွေဝေမှုများ …. အရေခွံ ကွာကျခဲ့သည် …
ဓမ္မအရသာကွန့်မြူးလျှက် … ပီတိဖြင့် ပေါ့ပါးကြည်လျှက်ရှိနေခဲ့သည်။

သံဝေဂတရား ချက်ချင်း ရရှိလိုက်သည် … စိတ်သည် … ၀ါဂွမ်းနှယ် ပေါ့ပါး ကြည်လင် သွားခဲ့ရသည် …

အိမ်ယာသည် ၄င်း … ဥစ္စာသည် ၄င်း … ကျမ၏ရူပကာယသည်၄င်း … အစရှိသော တပ်မက်မှု အားလုံးတို့သည် …. ကျမစိတ်ထဲမှ အပြီးတိုင် စင်ကြယ်သွားခဲ့သည် ….

"သာဓု သာဓု သာဓု ချစ်သမီး သီရိမာ …. သင်ချစ်သမီးကား … အရိယာမဂ် ..အယဉ် အဆင့်သို့ … ဆိုက်ရောက်ခိုဝင်ပြီး ဖြစ်ပေပြီ …."

လောက၏ဖခင် ဗုဒ္ဓ၏ စကားသည် … အမ ဥတ္တရာတို့ တိုက်ကြီးတစ်ခုလုံး သိမ့်သိမ့် တုန်သွား သည်ဟု … ကျမထင်လိုက်မိသည် … ကျမမျက်ရည်တွေကား ရွဲရွှဲစိုလျှက်ပင် ….။

ချမ်းမြေ့ကြပါစေ…..

Credit : ဖိုးသူတော် (www.phothutaw.com)
Credit :  facebook

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger