ဘာဘဲဖြစ်ဖြစ် ကိုယ်လက်လှမ်းမှီသလောက် တွေးခေါ်ပြီး ရေးသားပေးလိုက်ပါတယ် ....။
ဗုဒ္ဓ မြတ်စွာဘုရားရှင် ဟာ (၆) နှစ်တာ ကာလပတ်လုံး ဆင်းရဲတဲ့ကျင့်စဉ်နဲ့ ကျင့်ကြံအားထုတ်ခဲ့ရာမှာ သဗ္ဗညုဘုရားရှင် အဖြစ် မရောက်ရှိခဲ့ပါဘူး ....။ အဲဒီအချိန်မှာမှ ပြန်လည်ဝေဖန်သုံးသပ်ပြီး မဇ္စိုမပဋိပဒါ လို့ခေါ်တဲ့ အလယ်အလတ်လမ်းစဉ် ကို လိုက်နာပြီး ကျင့်ကြံပွားများခဲ့တာ
မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော် မူခဲ့ပါတယ်။
ဒီ မဇ္စိုမပဋိပဒါ လမ်းစဉ်နဲ့ ပတ်သက်ပြီးလည်း အချက်(၈)ချက် ကို ဟောကြားတော်မူခဲ့ပါတယ် ...။ ဒီ လမ်းစဉ်(၈)ရပ် (သို့မဟုတ်) မဇ္စိုမပဋိပဒါ လမ်းစဉ် ကို အင်္ဂလိပ်လို "Noble Eightfold Path" "Middle Way" စသည်ဖြင့် အဆင်ပြေသလို ပြန်ဆိုကြတာကိုတော့ ဖတ်ဘူးပါသေးတယ် ...။
ဗုဒ္ဓဘာသာဝင်တွေအများဆုံးနေထိုင်ရာ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကော ဘုရားရှင်ရဲ့ ဟောကြားတဲ့ စကားကို ဘယ်လောက်လိုက်တာကြသလဲ ?
ဒီမေးခွန်းကို ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ လမ်းစဉ်(၈) ရပ်နဲ့ အတူယှဉ်တွဲပြီး ကျွန်တော်တို့ စဉ်းစားကြည့်ကြရအောင်ပါ ....။ မေးခွန်းအတွက် အဖြေတစ်ခုတော့ ထွက်လာကောင်းပါရဲ့ ....။
(၁) သမ္မာဒိဋ္ဌိ
လမ်းစဉ်အမှတ်(၁) အနေနဲ့ သမ္မာဒိဋ္ဌိ လို့ ဘုရားရှင်ဟောတော်မူခဲ့ပါတယ် ...။ မြန်မာလိုတိုက်ရိုက်ပြန်ဆို မယ်ဆိုရင် မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှု လို့ပြန်လို့ရပါတယ် ...။ အင်္ဂလိပ်လိုဆိုရင်တော့ Right View, Right Understanding လို့ပြောရမှာပါ ...။မှန်ကန်တဲ့အမြင်ရှိဘို့အတွက် အမြင်မှန်ဘို့တော့ လိုအပ်ပါတယ်။ အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့ နားလည်မှု ရှိဘို့လိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဆန်းစစ်ကြည့်ရင် သမ္မာဒိဋ္ဌိ အားနည်းနေတယ် လို့ပြောရမှာပါ ...။ နိုင်ငံတော်အစိုးရဘက်က အားနည်းမှုတွေရှိနေသလို ပြည်သူတွေဘက်ကလည်း အားနည်းမှုတွေ ရှိခဲ့တာ အမှန်ပါ ...။ ဒီလိုအားနည်းမှုတွေကြောင့် ၀မ်းနည်းစရာကောင်းတဲ့ သတင်းတွေ ကြားခဲ့ရကြသလို ကြည်ကွဲစရာမြင်ကွင်းတွေကိုလည်း မြင်တွေ့ခဲ့ကြပြီးပါပြီ .....။ ရှေ့ဆက်လျှောက်မဲ့ ခရီး အတွက် ဒီလိုအဖြစ်ဆိုးတွေကနေ ကင်းလွှတ်အောင် ကြိုးစားကြဖို့တော့ လိုအပ်မယ်ထင်ပါတယ် ....။ သမ္မာဒိဋ္ဌိ အားကောင်းလာအောင် ကြိုးစားကြရမှာပါ ...။
(၂) သမ္မာသင်္ကပ္ပ
လမ်းစဉ်အမှတ်(၂) အနေနဲ့ သမ္မာသင်္ကပ္ပ လို့ ဘုရားရှင်ဟောတော်မူခဲ့ပါတယ်...။ မြန်မာလို တိုက်ရိုက်ပြန်ဆို မယ်ဆိုရင် မှန်ကန်တဲ့အတွေး လို့ပြန်လို့ရပါတယ် ...။ အင်္ဂလိပ်လိုတော့ "Right Resolutions" "Right Aspirations" "Right Ideas" စသဖြင့် အမျိုးမျိုးပြန်ဆိုကြတယ်။ ဆရာတော်ကြီး တစ်ပါးကတော့ မှန်ကန်တဲ့အတွေးကို အင်္ဂလိပ်လို "Right Thoughts" လို့ပြန်ဆိုသင့်ကြောင်းပြောတာ ကြားဖူးပါတယ် ....။ ဘယ်လိုဘဲ ဘာသာပြန်ပါစေ အရေးမကြီးပါဘူး ...။ အရေးကြီးတာက လူတိုင်း လူတိုင်းရဲ့ စိတ်ထဲမှာ မှန်ကန်တဲ့အတွေးတွေကို အမြဲမပြတ် တွေးခေါ်နေကြဖို့ လိုအပ်မှာပါ။ဒီမိုကရေစီ ဆိုတဲ့ ခေတ်စနစ်ဟာ အုပ်ချုပ်တဲ့ အစိုးရအဖွဲအစည်းတွေမှာချည်းဘဲ တိုင်းရင်းသား ပြည်သူ အားလုံးမှာလည်း တာဝန်ရှိတဲ့ သဘောတရားပါ ....။ ဒီနေရာမှာ အစိုးရ ဟာ "အာဏာပိုင်" မဟုတ်ပါဘူး။ ပြည်သူကတင်မြှောက်ထားတဲ့ "အုပ်ချုပ်သူ" သာလျှင်ဖြစ်ပါတယ်....။
ဒီတော့ ဖြစ်ပျက်ခဲ့သမျှ မြန်မာ့ပြဿနာတွေမှာ နှစ်ဦးနှစ်ဘက် မှန်ကန်တဲ့ အတွေးတွေ အားနည်းခဲ့ကြတော့ ဒုက္ခဆင်းရဲတွေနဲ့ ကြုံခဲ့ကြတယ်ဆိုတာ သိသာလှပါတယ် ...။ သမ္မာသင်္ကပ္ပ အားကောင်းအောင် ကြိုးစားကြရအုံးမှာပါ .....။
(၃) သမ္မာဝါစာ
လမ်းစဉ်အမှတ်(၃) အနေနဲ့ သမ္မာဝါစာ လို့ ဘုရားရှင်ဟောတော်မူခဲ့ပါတယ်...။ မြန်မာလို တိုက်ရိုက်ပြန်ဆို မယ်ဆိုရင် မှန်ကန်တဲ့စကား လို့ပြန်လို့ရပါတယ် ...။ အပေါ်ကလမ်းစဉ်တွေ အားနည်းပြီး ပြဿ နာတွေ ပေါ်ပေါက်လာ တဲ့အချိန်မှာ သမ္မဝါစာ ဆိုတဲ့ မှန်ကန်တဲ့စကားကတော့ ထွက်ပေါ်လာတော့မှာ မဟုတ်ပါဘူး ....။ကိုယ်ပြောတဲ့စကား မှန်ကန်နေရုံနဲ့ မလုံလောက်ပါဘူး။ နားဝင်ချိုနေရုံနဲ့ မလုံလောက်ပါဘူး။ သာယာနာပျော်ဖွယ်ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်ပြောလိုက်တဲ့စကားဟာ သူတစ်ပါးအတွက် အသုံးတည့်ရပါမယ်၊ အကျိုးဖြစ်ထွန်းစေရပါမယ်။ အကျိုးရှိရပါမယ်။
"What one utters is not only true, sweet and pleasant but also useful, fruitful and beneficial."
သမ္မာဝါစာ စကားဟာ ပြောသူရော နားထောင်ရသူကိုပါ စိတ်ချမ်းမြေ့စေတာ အမှန်ပါ ...။ ဒီတော့ ကျွန်တော်တို့တစ်တွေလည်း သမ္မာဝါစာ အားကောင်းလာအောင် ပိုပြီးကြိုးစားသင့်ပါတယ် ...။
(၄) သမ္မာကမ္မန္တ
လမ်းစဉ်အမှတ်(၄) အနေနဲ့ သမ္မာဝါစာ လို့ ဘုရားရှင်ဟောတော်မူခဲ့ပါတယ်...။ မြန်မာလို တိုက်ရိုက်ပြန်ဆို မယ်ဆိုရင် အလုပ်မှန်တာ လို့ပြန်လို့ရပါတယ် ...။ အင်္ဂလိပ်လို ဆိုရင်တော့ Right Action လို့ပြန်ရမှာပါ။ လူ့လောကမှာ အပြောအဆိုမှန်နေရုံနဲ့ မပြီးသေးဘဲ အလုပ်မှန်ဖို့လည်းလိုတယ် ဆိုတာကို ဘုရားရှင်က ထောက်ပြ ဟောကြားခဲ့တာပါ။လောဘစိတ်၊ ဒေါသစိတ်တွေအခြေခံပြီး သူ့တပါးအသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ သူတပါးသားမယား ပြစ်မှားစော်ကားခြင်းတို့ကို မလွန်ကျူးဘူးဆိုရင် Right Action လို့ပြောလို့ရပါတယ် ...။ အခုဖြစ်ပျက်ခဲ့သမျှ မြန်မာ့ပြဿနာတွေမှာတော့ Right Action ကိုမတွေ့ခဲ့ရပါဘူး .... Wrong Action လို့ပြောလို့ရတဲ့ လုပ်ရပ်တွေကိုဘဲ တွေ့နေကြရမှာပါ ....။ ဒီတော့ သမ္မာကမ္မန္တ အားကောင်းကြဖို့ လိုနေပြီပေါ့ ....။
(၅) သမ္မာအာဇီဝ
လမ်းစဉ်အမှတ်(၅) အနေနဲ့ သမ္မာအာဇီဝ လို့ ဘုရားရှင်ဟောတော်မူခဲ့ပါတယ်...။ မြန်မာလို တိုက်ရိုက်ပြန်ဆို မယ်ဆိုရင် မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်း လို့ပြန်လို့ရပါတယ် ...။ အင်္ဂလိပ်လို ဆိုရင်တော့ Right Livelihood လို့ပြန်ရမှာပါ။ လူတော်တော်များများရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ စကားလုံးဖြစ် ပေမဲ့ တကယ်လိုက်နာနိုင်တဲ့သူက နည်းပါးလှပါတယ် ....။ ဒုက္ခဆင်းရဲတွေ၊ ပြဿနာတွေ ကြားမှာ စီးပွားရှာရတာ ပိုကောင်းတယ်လို့ ပြောတဲ့စကားတောင် ကြားဖူးပါသေးတယ် ...။ဗုဒ္ဓဘာသာစာပေထဲမှာ မလုပ်ရမဲ့စီးပွါးရေးလုပ်ငန်း ငါးမျိုး ကို ပြဆိုထားပါတယ်။
- လက်နက်ရောင်းဝယ်မှု (Trading Arms)
- လူကုန်ကူးမှု (Trading Human beings)
- သားငါးမွေးမြူရေး (Trading Animals/Flesh)
- အရက်၊ မူးယဇ်ဆေးဝါး (Trading Intoxicating Drinks)
- အဆိပ် (Trading Poison)
(၆) သမ္မာဝါယာမ
လမ်းစဉ်အမှတ်(၆) အနေနဲ့ သမ္မာဝါယာမ လို့ ဘုရားရှင်ဟောတော်မူခဲ့ပါတယ်...။ မြန်မာလို တိုက်ရိုက်ပြန်ဆို မယ်ဆိုရင် မှန်ကန်တဲ့ကြိုးစားအားထုတ်မှု လို့ပြန်လို့ရပါတယ် ...။ အင်္ဂလိပ်လို ဆိုရင်တော့ Right Effort လို့ပြန်ရမှာပါ။ဗုဒ္ဓစာပေမှာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှုလေးမျိုး ရှိတယ်။
- ဖြစ်ပေါ်ပြီးတဲ့မကောင်းမှုအကုသိုလ်တွေကို ပယ်စွန့်နိုင်အောင် ကြိုးစားခြင်း။
- မဖြစ်သေးတဲ့ မကောင်းမှုအကုသိုလ်တွေကို မဖြစ်မိအောင် ကြိုးစားခြင်း။
- မဖြစ်ပြီးသေးကုသိုလ်ကောင်းမှုတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားခြင်း။
- ဖြစ်ပြီးတဲ့ကုသိုလ်ကောင်းမှုတွေကို တိုးပွါးလာအောင် ကြိုးစားခြင်း။
ဒီတော့ ဖြစ်ပျက်ခဲ့တဲ့ မြန်မာ့အရေးတွေနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ အ,ကုသိုလ်တွေကို ကျွန်တော်တို့တွေ ပယ်စွန့်ကြရပါမယ် ....။ ဒါတွေကို စံနမူနာယူပြီး နောက်ဖြစ်လာမဲ့ ပြဿနာ (အ,ကုသိုလ်) တွေကို မဖြစ်အောင်လည်း ကြိုးစားမှ ရပါမယ် ....။ ဒီ့အပြင် မြန်မာနိုင်ငံတော်ကြီး တိုးတက် စည်ပင်ရေး (ကုသိုလ်) အတွက်လည်း ကြိုးစားကြရပါမယ် ....။ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးလာပြီ ဆိုရင် လည်း ရေရှည်တည်တံ့နိုင်ရေးအတွက် ကြိုးစားကြရပါအုံးမယ် ...။ ဒါမှသာ သမ္မာဝါယာမ လမ်းစဉ်သို့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ....။
(၇) သမ္မာသတိ
လမ်းစဉ်အမှတ်(၇) အနေနဲ့ သမ္မာသတိ လို့ ဘုရားရှင်ဟောတော်မူခဲ့ပါတယ်...။ မြန်မာလို တိုက်ရိုက်ပြန်ဆို မယ်ဆိုရင် မှန်ကန်တဲ့သတိ လို့ပြန်လို့ရပါတယ် ...။ အင်္ဂလိပ်လို ဆိုရင်တော့ Right Mindfulness လို့ပြန်ရမှာပါ။ဘာသာရေး( လောကုတ္တရာ) အတွက်သာမက လူမှုရေး (လောကီ) နယ်ပယ်အတွက်ပါ သတိ ဆိုတဲ့ စကားလုံးက အရမ်းလေးနက်တန်ဖိုးထားသင့်တဲ့ စကားလုံးလေးပါ ...။ အရာရာမှာ သတိလက်လွတ် ဖြစ်ရင် အမှားတွေနဲ့ ရင်ဆိုင်ရစမြဲပါ ....။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် ပြည်သူပြည်သားအားလုံး ရဲ့ရင်ထဲမှာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် သတိတရားတွေ ကိန်းအောင်းနေဖို့ လိုအပ်လှပါတယ် ....။ ဒီလိုဘဲ တစ်ဘက်စွန်းရောက်တဲ့ သတိတရားတွေ မကိန်းအောင်း ဖို့လည်း အရေးကြီးလှပါတယ် ...။ ဒါမှသာ သမ္မာသတိ လမ်းစဉ်နဲ့ ကိုက်ညီနိုင်မှာ ဖြစ်ပါတယ် ....။
(၈) သမ္မာသမာဓိ
လမ်းစဉ်အမှတ်(၈) အနေနဲ့ သမ္မာသမာဓိ လို့ ဘုရားရှင်ဟောတော်မူခဲ့ပါတယ်...။ မြန်မာလို တိုက်ရိုက်ပြန်ဆို မယ်ဆိုရင် မှန်ကန်တဲ့သမာဓိ လို့ပြန်လို့ရပါတယ် ...။ အင်္ဂလိပ်လို ဆိုရင်တော့ Right Concentration လို့ပြန်ရမှာပါ။ဒီလမ်းစဉ်ကတော့ အထက်မှာဖေါ်ပြခဲ့တဲ့ လမ်းစဉ်တွေနဲ့ ကိုက်ညီနေခဲ့မယ်ဆိုရင် မလွဲမသွေ ရင်ထဲမှာကိန်း အောင်းလာမဲ့ လမ်းစဉ်တစ်ခုပါ ....။ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ လူတန်းစားတွေ အနေနဲ့ ကျောသားရင်သား မခွဲခြားဘဲ ဥပဒေအတိုင်း အုပ်ချုပ်စီမံရမှာ ဖြစ်သလို အုပ်ချုပ်ခံပြည်သူတွေ အနေနဲ့လည်း အုပ်ချုပ်သူတွေမို့ မြှောက်ထိုးပင့်ကော် ပြုလုပ်နေစရာ မလိုပါဘူး ...။ ဒါမှသာ သမ္မာသမာဓိ လမ်းစဉ်နဲ့ ကိုက်ညီနိုင်မှာ ဖြစ်ပါတယ် ....။
ဘုရားရှင် ဟောတော်မူခဲ့တဲ့ မဇ္စိုမပဋိပဒါ လမ်းစဉ် နဲ့ ပတ်သက်ပြီး FreeIdea တို့ငယ်ငယ်တုန်းက "အတွေး အမြင်" စာစောင်တစ်ခုမှာ ဖတ်ဖူးခဲ့တဲ့ ကဗျာတိုလေးတစ်ခုကို သတိရမိပါသေးတယ် .....။
" အမြင့် မှာ နေလျှင် လေတိုက်၍ ကြွေတတ်သည်
အနိမ့် မှာ နေလျှင် မြွေ ကိုက်၍ သေတတ်သည်
ဤစကား နှစ်လီကို ကြံစည်ကာ တွေးဆကြည့်လျှင်
လူတို့မှာ မနိမ့်၊ မမြင့်၊ မတိမ်း၊ မစောင်း
တံငါလုလင် မျှားကြိုးငင် သို့ .... "
ဆိုတာလေးပါ ....။ တံငါသည်တွေ ငါးမျှားတဲ့အခါမှာ ငါးစာ ကို ငါးလာစားတဲ့အချိန် မျှားတံကို ခပ်ပြင်းပြင်းငင် လိုက်ရင် (သို့မဟုတ်) ဖြေးဖြေးလေးငင်လိုက်ရင် ငါး ကိုမဖမ်းမိနိုင်ပါဘူး ....။ အခြေအနေပေါ်မူတည်ပြီး အနေတော်လေး ငင် လိုက်မှ ငါးကို ဖမ်းမိနိုင်မယ် ဆိုတာလေးကို ဥပမာထားပြီး အလယ်အလတ်လမ်းစဉ်ရဲ့ သဘောလေးကို ရေးသားထားတာပါ ...။လက်လှမ်းမီသလောက်၊ ဉာဏ်မီသလောက် ရေးသားပြတာပါ ....။ တွေးခေါ်မှုလေးအပေါ် ဝေဖန်စရာရှိ ခဲ့ရင် Comment မှာရေးခဲ့လို့ ရပါတယ် ...။ ဘုရားဟောလမ်းစဉ် (၈) ရပ်နဲ့ ပတ်သက်ပြီး DHAMMA GARDEN CENTRE မှ လမ်း ဆိုတဲ့ Post လေးကို ကိုးကားထားပါတယ် ...။
မိတ်ဆွေများအားလုံး ဘုရားဟော မဇ္စိုမပဋိပဒါ လမ်းအတိုင်း လျှောက်လှမ်းနိုင်ကြပါစေ .....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea