Wednesday, November 7, 2012

Pin It

Widgets

၂၀၁၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ

အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေထဲက အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသောသမ္မတဖြစ်သူ ဘရာ့ခ် အိုဘားမား ဟာဒုတိယအကြိမ် လေးနှစ်သက်တမ်း အတွက် ရွေးကောက်တင်မြှောက်ခံရဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲအရေအတွက် ၂၇၀ ထက် ကျော်ရပြီး သမ္မတရွေးကောက်ပွဲကို အနိုင်ရသွားပါပြီ။
ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် မစ္စတာအိုဘားမား ဟာ ရှီကာဂိုမြို့မှာ စုဝေးနေကြတ့ဲ သူ့ကို ထောက်ခံသူ ထောင်ပေါင်း များစွာကို မိန့်ခွန်းပြောခဲ့တာမှာ တိုင်းပြည်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ရာ သူဟာ
ပိုပြီး သန္နိဋ္ဌာန် ခိုင်မာလာ၊ ပိုပြီးစိတ်အားတက်ကြွလာပါတယ် လို့ ပြောပါတယ်။

အလုပ်လုပ်ဖို့အတွက် ခင်ဗျားတို့ မဲပေးခဲ့ကြတာပါ၊ ပုံမှန်လုပ်နေကျ နိုင်ငံရေးကိစ္စအတွက် မဲပေးခဲ့တာ မဟုတ် ပါဘူး။ ကျနော်တို့ရဲ့ အလုပ်အကိုင်ပေါ် အာရုံစိုက်ဖို့မဟုတ်ဘဲ ခင်ဗျားတို့ရဲ့ အလုပ်အကိုင်ကိစ္စအပေါ်ကို အာရုံစိုက်ဖို့ ကျနော် တို့ကို ခင်ဗျားတို့ ရွေးကောက်တင်မြှောက်ခဲ့တာပါ၊ လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း ကျနော်တို့အားလုံး အတူတကွ လက်တွဲဖြေရှင်းမှသာရနိုင်မယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ပါတီနှစ်ရပ်စလုံးက ခေါင်းဆောင်တွေကို ထိစပ်ပြီး လက်တွဲ လုပ်ဆောင်သွားဖို့ ကျနော် ရည်ရွယ်ထားပါတယ်။

သူ့ရဲ့ဒုတိယသက်တမ်းအတွင်း အစိုးရဘဏ္ဍာရေး လိုငြွေပနေတာကို လျှော့ချဖို့၊ အခွန်အတုတ်ကောက်ခံခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကို ပြုပြင်ပြောင်းလဲဖို့၊ နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့၊ ပြည်ပရေနံအပေါ် မှီခိုနေရတာကို လျှော့ချဖို့တွေအတွက် လုပ်ဆောင်သွားပါမယ်လို့ သမ္မတက ပြောခဲ့ပါတယ်။
အကျိတ်အနယ် မဲဆွယ်စည်းရုံး ယှဉ်ပြိုင်ခဲ့ရတဲ့အပေါ် သူ့ရဲ့ပြိုင်ဘက်ဖြစ်သူကို ဂုဏ်ပြုစကားပြောခဲ့သလို မစ္စတာရွမ်မ်နီ နဲ့ သူ့မိသားစုရဲ့ လူထုဝန်ထမ်း အစဉ်အလာကိုလည်း ချီးကျူးခဲ့ပါတယ်။ နိုင်ငံမှာရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် အဖြေရှာ တဲ့နေရာမှာ ရီပတ်ဘလီကန်တွေနဲ့ အတူ လုပ်ဆောင်သွားပါမယ်လို့ သမ္မတကပြောပါတယ်။
ဒီတိုင်းပြည် ရှေ့ဆက်တိုးတက်သွားဖို့ အရေးမှာ ဘယ်လို အတူတကွ လက်တွဲ လုပ်ဆောင်သွားနိုင်မယ် ဆိုတာကို ဆွေးနွေးဖို့အတွက် အုပ်ချုပ်ရေးမှူး ရွမ်မ်နီနဲ့ လာမယ့်သီတင်းပတ်တွေ အတွင်း တွေ့ဆုံသွားဖို့ လည်း ကျနော် ရည်ရွယ်ထားပါတယ်။

သမ္မတမိန့်ခွန်းမပြောခင် အချိန်ပိုင်းလေးမှာပဲ မစ္စတာရွမ်မ်နီကလည်း ဘော်စတွန်မြို့မှာ သူ့ကိုထောက်ခံသူတွေကို မိန့်ခွန်း ပြောပြီး သူရံှုးနိမ့်တယ်ဆိုတာကို လက်ခံခဲ့ပါတယ်။

သမ္မတ အိုဘားမားဆီ ကျနော်ဖုန်းဆက်ပြီး သူ အနိုင်ရတဲ့အပေါ် ချီးကျူးကြောင်း ပြောခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေနဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာလည်း ဂုဏ်ပြု ချီးကျူးမှု ခံယူထိုက်ပါတယ်။ သူတို့အားလုံး ကျန်းမာ ပျော်ရွှင်စေဖို့ ကျနော် ဆုတောင်းပါတယ်။ ဒါပေမဲ့ အထူးသဖြင့်တော့ သမ္မတ၊ သမ္မတကတော်နဲ့ သူတို့ရဲ့ သမီးငယ်တွေ အတွက် ဆုတောင်းပေးပါတယ်။

သူနဲ့ သူ့ရဲ့ ဒုတိယသမ္မတလောင်းဖြစ်သူ အောက်လွှတ်တော်အမတ် ပေါလ် ရိုင်ယန် တို့ဟာ မဲဆွယ်စည်းရုံးပွဲမှာ သူတို့ စွမ်းဆောင်နိုင်သမျှ အားကုန််ထုတ်လုပ်ဆောင်ခဲ့ပါတယ်လို့ မစ္စတာရွမ််မ်နီ ကဆိုပြီး ထောက်ခံသူတွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

တိုင်းပြည်ကို မတူကွဲပြားတဲ့ လမ်းကြောင်းကနေ ဦးဆောင်မှုပေးဖို့ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေကို ကျနော် ဖြည့်ဆည်းပေးနိုင်ရေး တကယ့်ကို ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း တိုင်းပြည်က တခြားခေါင်းဆောင်တယောက်ကို ရွေးချယ်ခဲ့ပါပြီ။ ဒါကြောင့် ခင်ဗျားတို့နဲ့အတူ ကျနော်နဲ့ ကျနော့်ရဲ့ဇနီးဖြစ်သူ Ann တို့ပါ အတူတကွ စုပေါင်းပြီး သမ္မတအတွက် ရော၊ ဒီ နိုင်ငံတော်ကြီးအတွက်ပါ စိတ်အားထက်သန်စွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ခင်ဗျားတို့ဟာ အကောင်းဆုံး လူတွေပါပဲ၊ ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျား။

ရွေးကောက်ပွဲအနိုင်ရဖို့ရာမှာ သူတို့နှစ်ဦးစလုံးအနေနဲ့ မနိုင်မဖြစ် နိုင်ဖို့လိုတဲ့ ဘယ်သူ့ဘက်ပါမယ်ဆိုတာ အသေအချာ မသိခဲ့ရတဲ့ ပြည်နယ်တွေအားလုံးနီးပါးမှာ မစ္စတာအိုဘားမား က အနိုင်ရခဲ့တာပါ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ လူထုဆန္ဒမဲ များရာနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ ပြည်နယ်တခုချင်းစီမှာ သတ်မှတ် ခွဲခြား ပေးထားတဲ့ ရွေးကောက်ပွဲဘုတ်အဖွဲ့ ကိုယ်စားလှယ်မဲအရေအတွက်နဲ့ ဆုံးဖြတ်တာဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲနဲ့အတူ လွှတ်တော်ရွေးကောက်ပွဲတွေကိုလည်း တပါထဲ ကျင်းပခဲ့တာမှာ ရီပတ်ဘလီကန်ပါတီက အောက်လွှတ်တော်မှာ အသာစီးရထားတာကို ဆက်ထိန်းနိုင်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီကလည်း အထက်လွှတ်တော်မှာ လူများစုဖြစ်နေတာကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

ဘရာ့ခ် အိုဘားမား အနိုင်ရရှိမှုအပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်း က ကြိုဆိုလိုက်ကြသည်။ အိုးဘားမား အနိုင်ရရှိမှုက မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး နှင့် မြန်မာ့ နိုင်ငံရေး အပေါ် မည်သို့မည်ပုံ သက်ရောက်မှု ရှိနိုင်မည်ကို တိုင်းရင်းသားများနှင့် ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်း အား ဆက်သွယ်မေးမြန်း စုစည်း ဖော်ပြလိုက်ပါသည်။

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နာယက

ကျနော့် အမြင်ကတော့၊ ကျနော်ကတော့ ၀မ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကားဆိုတာက ကျနော်တို့ငယ်ငယ်တုန်းက မြင် ခဲ့တဲ့ပုံစံအရဆိုရင် တကယ်ကို အသားအရောင်ခွဲခြားမှုနဲ့ လွှမ်းမိုးတဲ့ တိုင်းပြည်ပေါ့ဗျာ။ အဲဒီလို နိုင်ငံမျိုးမှာ ကျော်ကြားတဲ့ ထင်ရှား တဲ့ နိုင်ငံရေးသော်လည်းကောင်း၊ စီးပွားရေးသော်လည်းကောင်း၊ လူမှုရေးအားဖြင့်သော်လည်းကောင်း၊ တခြားအားကစား တို့မှာ သော်လည်းကောင်း တိုးတက်ပြောင်းလာပေမယ့် လူမည်းတွေက ဘယ်တော့မှ နေရာမရဘူး။ သူ့တို့ လူ့အဖွဲ့အစည်းကိုက လက် မခံဘူး။ အဲဒီကနေ ပြောင်းလဲလာပြီးတော့ အခု သမ္မတ အိုဘားမား နိုင်တယ်။ အိုဘားမားနဲ့ပတ်သက်လို့လည်း ဝေဖန်ချက် တွေအများကြီးရှိတယ်ပေါ့။ အလုပ်လက်မဲ့ ပြဿနာတွေ၊ စီးပွားရေး၊ စစ်ရေး ပြဿနာတွေ နဲ့ ပတ်သက်လို့ ဝေဖန်ကြတယ်။ ဒီလိုပြဿနာတွေ အများကြီးကြားကနေ အိုဘားမားက တပတ်တည်းနဲ့ပြုတ်သွားနိုင်တယ်။ သူသာ ပြုတ်သွားရင် လူမည်းတွေရဲ့ ရှေ့နိုင်ငံ ရေး အလားအလာကလည်း အများကြီးလျော့ပါး သွားမယ်။ ကျနော်တို့ နိုင်ငံအတွက် ဒီမိုကရက်တစ် အင်အားစုတွေက အများကြီး အကူအညီ ပေးတယ်။ အထူးသဖြင့် NLD တို့ဘက်ကနေ ရပ်တည်ပေးတယ်ဆိုတော့ ဘာပဲပြောပြော အိုးဘားမားနိုင်တာ ကောင်း တယ်လို့ပဲ မြင်ပါတယ်။

ကိုမင်းကိုနိုင်
၈၈ မျိုးဆက် ကျောင်းသားများ ခေါင်းဆောင်

တကယ်တော့ အမေရိကန်သမ္မတ အပြောင်းအလဲက ကျနော်တို့အပေါ် ကြီးကြီးမားမား သက်ရောက်မှုလို့ မမြင်ဘူး။ ကျနော်တို့ပြည် တွင်းမှာ ညီညီညွတ်ညွတ်နဲ့ ကျနော်တို့နိုင်ငံသားတွေ အတူတူအလုပ်လုပ်နိုင်ရင် တိုးတက်မှာပဲ။ သို့သော် အိုဘားမားက ကျနော်တို့တိုင်းပြည်ကို လာဖို့အစီအစဉ်ရှိတယ် ဆိုတော့ နောက်ထပ်ဆက်ခံမယ့် သမ္မတဖြစ်တယ်ဆိုတော့ ဆက်ပြီးတော့ အလုပ်လုပ် တဲ့ အခါ၊ ပြောဆိုတဲ့အခါမှာ ပိုပြီးတော့ အားရှိတာပေါ့။ ဘာပဲဖြစ်ဖြစ်ပါ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့အပေါ်မှာ အဆုံးအဖြတ် ကို တည်တည်ကြည်ကြည် ခံယူကြတယ်။ အနိုင်ရတဲ့သူနဲ့ အရေးနိမ့်တဲ့သူတွေက လွှတ်တော်ထဲမှာ ဆက်ပြီးတော့ လက်တွဲ အလုပ် လုပ်ကြဦးမယ်။ အဲဒီ နမူနာကောင်းတွေကို ကျနော်တို့ယူသင့်တယ်။ လက်ရှိ အိုဘားမားအစိုးရနဲ့ ဒီက အစိုးရနဲ့က ဆက်ဆံရေး ကောင်းထားပြီးသား ဆိုတော့ သူဆက်ရှိနေတာက ဆက်ဆံရေး ပိုကောင်းမယ်လို့ မျှော်လင့်ရမယ်လို့ ထင်ပါတယ်။

ဦးခွန်ထွန်းဦး
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ

အိုဘားမား ရသွားတာ ကောင်းပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ပြဿနာက မပြီးသေးဘူး။ သူ့အနေနဲ့ ပါ၀င်ဆောင်ရွက် သွားရင် ကောင်းတာပေါ့။ တိုင်းရင်းသား အရေးကလည်း မပြီးပြတ်သေးဘူး ဆိုတော့ ဆက်ပြီးတော့ လုပ်ဆောင်နေရတယ်။ အမေရိကန်နဲ့ မြန်မာ ဆက်သွယ်ရေး ကောင်းလာမယ်။

ဦးသိန်းညွှန့်
သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီသစ် ပါတီ ဥက္ကဋ္ဌ

ကျနော်အနေနဲ့ သမ္မတ အိုဘားမား သမ္မတဟောင်းကနေ သမ္မတအဖြစ် ပြန်ရွေးခံရတာကို ကြိုဆိုတယ်။ အမေရိကန်ပြည်ထောင် စုရဲ့သူတို့ပြည်တွင်းရေးမှာ ရွေးကောက်ပွဲကာလမှာ အိုဘားမားရဲ့စွမ်းဆောင်မှုနဲ့ ပတ်သက်လို့ ပြောကြဆိုကြတာတွေ ရှိတယ်။ ကျနော်တို့ကတော့ ကျနော်တို့နိုင်ငံရေး မြန်မာ-အမေရိကန် ချစ်ကြည်ရေး အဆင့်မြင့်နေတဲ့ကာလမှာ အိုဘားမားက ကျနော်တို့တိုင်းပြည် အကြောင်း ထဲထဲဝင်ဝင် သိတယ်။ အိုဘားမား သမ္မတ အဖြစ် အရွေးချယ်ခံရတာက ကျနော်တို့ အမျိုးသား အကျိုးစီးပွား အတွက် အထောက်အကူဖြစ်မှာ ဖြစ်တဲ့အတွက် အိုဘားမား အနိုင်ရတာကို ကျနော် ၀မ်းသာတယ်။ ကျနော်တို့ တိုင်းပြည်အကျိုးအတွက် မျှော်လင့်ချက်တွေ အားကောင်းလာပါတယ်။

ဦးဇော်အေးမောင်
ရခိုင်ရေးရာဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP)

အိုဘားမားပြန်ပြီးတော့ သမ္မတ အဖြစ် ပြန်ရတာကို ကြိုဆိုပါတယ်။ သမ္မတ အိုဘားမားက ကျနော်တို့ နိုင်ငံကို ပိတ်ဆို့ထားတဲ့ အရာ တွေကို အများကြီး ဖြေလျှော့ပေးတယ်။ သမ္မတ ဦးသိန်းစိန်ကိုလည်း အမေရိကန် ဖိတ်ခေါ်တယ်။ အဖယ်ခံရတဲ့ လူကြီးတွေကိုလည်း ဗီဇာပြန်လုပ်ပေးတယ်။ အခုဆိုရင် မြန်မာနိုင်ငံနှင့် အမေရိကန် စီးပွားရေး စစ်ရေးတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အားလုံးခွင့်ပြု ပေးတယ်။ သူက အပြုသဘောမျိုး အစပျိုးထားတော့ နောင်လာမယ့် ၄ နှစ်မှာ ကျနော်တို့နိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းကိုရောက်အောင် အပြုသဘောမျိုးနဲ့ အားလုံးဝိုင်းပြီး ကူညီကြမှာပါ။ အမေရိကန်နိုင်ငံက ကျနော်တို့နိုင်ငံကို ဆက်ပြီး ကူညီပ့ံပိုး ပေး သွားမယ်လို့ ယူဆပါတယ်။

ဦးလှမောင်ရွှေ
နိုင်ငံတော် သမ္မတ ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီဝင်နှင့် ငြိမ်းချမ်းရေး အကျိုးဆောင်

ဒီဘက်ကလူတွေက စဉ်းစားတာကတော့ ဘားရက် အိုဘားမားအနေနဲ့ သူ့ရဲ့အရင်သက်တမ်းတုန်းက သူအောင်မြင်ခဲ့တာတွေမှာ မြန်မာနိုင်ငံရေး အပြောင်းအလဲကလည်း သူတို့ရဲ့အောင်မြင်မှုတခုလို့ မြင်ကြ မှာပေါ့။ မြန်မာဘက်က လူတွေ အတွက်တော့ အိုဘားမား သမ္မတပြန်ဖြစ်တော့ အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက် အစက ပြန်စ စရာမလိုတော့ဘူး။ သူရဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနက အရင်ကတည်းက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုရှိထားပြီးသားဖြစ်တော့ နားလည်နေပြီးသာဖြစ်တယ်။ မကြာခင်မှာ သမ္မတ အိုဘားမားကလည်း ဒီကိုလာဖို့ရှိနေတော့ သူတို့ပေါ်လစီကလည်း ရှိပြီးသား ဖြစ်နေတော့ ဆက်ဆံရေးမှာ ပိုပြီးတော့ မြန် ဆန် လာမယ်။

ဦးဇိုဇမ်
ချင်း အမျိုးသား ပါတီ ဥက္ကဋ္ဌ
ကျနော်တို့ ရဲ့ဒီမိုကရေစီ အပြောင်းအလဲအတွက် သူ့အစိုးရနဲ့ လုပ်လက်စဟာတွေ ဆက်ပြီးတော့ အားတခုအနေနဲ့ရမယ်လို့ ထင်ပါတယ်။ ကြိုဆိုပါတယ်။ သူ့ရဲ့လုပ်ငန်းတွေ ဆက်လက်ပြီးတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ပိုကောင်းလာမယ်လို့ မျှော်လင့်ချက် များလာတာပေါ့။


ဦးသုဝေ
ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ
အမေရိကန်မှာရှိတဲ့ သမ္မတလောင်းနှစ်ဦးက သူတို့တိုင်းပြည်မှာ ထိပ်ထိပ်ကျဲတွေပဲ။ ဘယ်သူနိုင်နိုင် သူတို့ အတွက်တော့ ကောင်း တာပဲ။ မြန်မာနိုင်ငံအတွက် ကြည့်ရင် ကျနော်တို့တိုင်းပြည်နဲ့ ဆက်ဆံရေး အခြေအနေ ကောင်းလာတာက အိုဘားမား လက်ထက် မှာဖြစ်တာပေါ့။ ဒီအရှိန်လေးတွေ မပျက်စေချင်ဘူး။ ဒီအရှိန် ပိုကောင်းလာမယ်။ ဆက်ပြီးတော့ အိုဘားမားပဲ ဆက်နိုင်တော့ မြန်မာ့ ဒီမိုကရေစီ အရေး ဆက်ကောင်းသွားလိမ့်မယ် လို့ထင်ပါတယ်။

ဦးခင်မောင်ဆွေ
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ဥက္ကဋ္ဌ
ကျနော်တို့ကတော့ အိုဘားမားနိုင်တာ ကြိုဆိုတယ်။ မြန်မာပြည်သူတွေလည်း ကြိုဆိုကြလိမ့်မယ့်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ပိုပြီးတော့ လမ်းကြောင်းသွားတဲ့အခါ ပြည်သူ၊ အုပ်ချုပ်သူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူထု လူ တန်းစား အဖွဲ့အစည်းအသီးသီးနဲ့ အမေရိကန်အစိုးရနဲ့က အတော်အတန် အတိုင်းအတာတခုအထိ ထင်သာမြင်သာ ရှိသွားတဲ့ အနေအထား ရှိနေပြီ။ တဖက်နဲ့ တဖက်နဲ့ လေ့လာမှုတွေရှိပြီးသား အိုဘားမားဆက်ရှိခြင်းက မြန်မာနိုင်ငံကို နားလည်ပြီးသား ဖြစ် လို့ ဒီမိုကရေစီအတွက် အလားအလာတွေ ကောင်းနေတယ်။ တကယ်လို့သာ အိုဘားမားမနိုင်ဘဲ သူ့ပြိုင်ဘက် သမ္မတလောင်းနိုင် သွားရင် မြန်မာနိုင်ငံကို ပြန်လေ့လာရဦးမယ်။ အဲဒီလိုဆိုရင် ၂ နှစ်လောက်က မြန်မာကို ပြန်လေ့လာသုံးသပ်တာတွေလုပ်မှာပဲ။ အဲဒါဆိုရင် စီးပွားရေးပိတ်ဆို့မှုရုပ်ဖို့၊ အမေရိကန်ရင်းနှီးမြုပ်နှံမှု တွေလာဖို့တို့ဒီကိစ္စတွေ ကတော်တော်ခက်ခဲနိုင်သေး တယ်။ အိုးဘားမားနိုင်ခြင်းက မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုနဲ့ မြန်မာ့ နိုင်ငံရေးအတွက် အတော်ကို ကိုက်ညီလိမ့်မယ်လို့ ထင်ပါတယ်။

ဒေါ်ဘောက်ဂျာ
ကချင် အရေး လှုပ်ရှားသူ နှင့် Vision of Peace ဥက္ကဋ္ဌ
လူဖြူလူမည်း ပြဿနာတွေရှိခဲ့တဲ့ နိုင်ငံမှာ သမ္မတ အိုဘားမား ဆက်နိုင်တဲ့အတွက် အဖိနှိပ်ခံလူမျိုးတွေအတွက် အားတက်စရာဖြစ် တာပေါ့။ အိုဘားမားအနေနဲ့ သမ္မတအဖြစ် ဆက်ပြီးရပ်တည်တဲ့အခါမှာ တရားမျှတဖို့ လိုပါတယ်။ ကိုယ့်ရဲ့လူမျိုး၊ ကိုယ်ရဲ့ဘာသာ ကိုပဲ ကြည့်မယ်ဆိုရင်တော့ တိုင်းပြည်အတွက် မကောင်းဘူး။ အဲဒါကြောင့် အခုလိုတက်လာတဲ့အပေါ်မှာ ၀မ်းသာတယ်။ ဂုဏ်ယူ တယ်။ သမ္မတတယောက် အနေနဲ့ တရားမျှတဖို့ လိုအပ်တယ်။ အနိုင်ရတိုင်းမှာ ဆုံးဖြတ်တဲ့အခါမှာ တဖက်သတ် မဆန်ဖို့ သူ့ရဲ့စိတ်ဆန္ဒ အရ သူ့ရဲ့ဘာသာကိုပဲ အားထားခြင်း မဟုတ်ဘဲ မျှမျှတတလေး လုပ်သွားစေချင်တယ်။ မြန်မာနိုင်ငံအရေးမှာ သမ္မတ အိုဘားမား ဘာတွေလုပ်နေသလဲဆိုတာ ကျမတို့ တိတိကျကျမသိရဘူး။ လုပ်ဆောင်နေတဲ့ အပေါ်မှာ မကျေနပ်ဘူး။ မြန်မာပြည် အရေး အပေါ်မှာ တဖက်သတ် ဆန်နေတယ်။ သူတို့ရဲ့စစ်တပ်နဲ့ မြန်မာစစ်တပ်နဲ့ လေ့ကျင့်ဖို့ လုပ်တာတွေ၊ တိုင်းရင်းသားအရေးကို သိပ်ပြီးတော့ ခံစားချက်မရှိဘူး။ အဲလိုမျိုးတြွေဖစ်နေတော့ အိုဘားမား တက်လာပေမယ့် ကျမတို့ နိုင်ငံအတွက် နည်းနည်း စိုးရိမ် စရာ တောင် ဖြစ်နေတယ်။

ဒေါက်တာ မနန် တူးဂျာ
ကချင် ပြည်နယ် တိုးတက်ရေး ပါတီ(KSPP)
အိုဘားမားနိုင်တာ သဘောကျတယ်။ သူက ကျနော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် သူက မြင် ထားပြီးသားလေ။ သူ့လူတွေလည်း အများကြီး လွှတ််ထားတယ်။ လက်ရှိသံအမတ်ကြီးလည်း တော်တော်လေး သိနေပြီ။ ဟီလာရီ ကလင်တန် လည်း သိနေပြီလေ။ ဒီအစိုးရပဲ ဆက်ရှိနေမှာဆိုတော့ အစက ပြန်လုပ်စရာမလိုဘူး။ လုပ်စရာရှိတာကို ဆက်လုပ်သွားရုံပဲ။ အိုဘားမားနိုင်တာ မြန်မာနိုင်ငံအတွက် ကောင်းတယ်။ အခုငြိမ်းချမ်းရေးအတွက် အမေရိကန် သံအမတ်က တော်တော်လေး ကို လေ့လာနေတယ်။ ငြိမ်းချမ်းရေးရရှိဖို့ ပြည်တွင်းစစ် ရပ်စဲရမယ်။ ပြည်တွင်းစစ် ရပ်စဲရေး တိုင်းရင်းသားတွေရဲ့ လိုလားချက်၊ တွေ့ဆုံဆွေးနွေးရေးကို သူတို့ အားပေးတယ်။ သူတို့က အရှိကို အရှိတိုင်း အမှန်ကိုအမှန်တိုင်း ဘက်မလိုက်ဘဲ အားပေးမှာလို့ထင် တယ်။ ကျနော်တို့နိုင်ငံအနေနဲ့က ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ပိုပြီးတော့ ပွင့်လင်းမြင်သာလာမယ်။ ပိုပြီးတော့ ငြိမ်းချမ်း ရေး တည်ဆောက်တဲ့နေရာမှာ အထောက်အကူပြုမယ်။ မှန်မှန်ကန်ကန် ဖြစ်လာမယ်။

ဦးစောမိုးမြင့်
ကရင် ပြည်သူ့ ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး
အိုဘားမား ရသွားတာ ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ ပိတ်ဆို့ထားတဲ့ စီးပွားရေးကို ပြန်ဖြေလျှော့ ပေးခဲ့ တယ်။ သူ ရသွားတော့လည်း မြန်မာ့အရေးကို အစကနေ ပြန် မဆွေးနွေးရတော့ဘူးပေါ့။ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး က ပြန်ကောင်းလာမှာပါ။ မြန်မာပြည်က စစ်အရာရှိတွေကို အမေရိကန်က စစ်ရေးသင်တန်း ပြန်ပေးမယ်ဆိုတာ ကောင်းပါတယ်။

ကိုးကား Link များ
VOA   ,   ဧရာဝတီ

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top