စကားလုံးသဘောအရ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကို အတိအကျဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထု တစ်ရပ်လုံး၏ လက်တွင်း၌သာရှိသည်။ အဖွဲ့ငယ် အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထွက်သည်ထက် အနည်းငယ်မျှသာ ပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၄င်းဝေါဟာရနှင့် တွဲဖက်ပြီး ဝိသေသပြုသည့် စကားလုံးစကားရပ်တို့နှင့် ပူးတွဲမှသာ ပို၍ အသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင်ဒီမိုကရေစီ (Participatory Democracy) သို့မဟုတ် တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်ကြသည်။ (wikimyanmar မှ ကိုးကားပါသည်...)
အခုကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတည်ထောင်နေပြီဖြစ်သည်။ ဒီမိုကရေစီ ၏ စကားလုံးအဓိပ္ပါယ်ဖွင့်ဆိုချက်အရပြောရလျှင် ပြည်သူများအားလုံး ပူးပေါင်းပါ၀င်ပြီး နိုင်ငံတော်တိုးတက်ထွန်းကားရေးကို ရှေးရှုဆောင်ရွက်ကြရတော့မည် ဖြစ်ပါသည်။ ပြည်သူများအတွက် အထူးလေးနက်သော တာဝန်တစ်ရပ်ဟုပြောရပေမည်။
ဤနေရာတွင် တွေးခေါ်စရာ အကြောင်းအချက်ပေါင်း မြောက်များစွာရှိနေနိုင်သည်။ သို့သော် အနှစ်ချုပ်လိုက်သော် စည်းကမ်း ဆိုသည့် စကားလုံးတစ်လုံးကိုသာ တွေ့ရမည်ဖြစ်ပါသည်။ ဤသို့ဆိုလျှင် free.idea အနေဖြင့် ဒီမိုကရေစီကို စည်းကမ်း ဟုသာတိုက်ရိုက်ပြန်ဆိုမိပါ၏။
မြန်မာနိုင်ငံ ဒီမိုကရေစီခေတ်ရောက်ပြီဆိုတာ တကယ်ကောဟုတ်လို့လား?????
နိုင်ငံသားတိုင်း(နိုင်ငံတွင်းရှိ လူ ဟုခေါ်တွင်သူများအားလုံး) အထက်ပါမေးခွန်းကို မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ပြီးမှ ဖြေသင့်ကြပါသည်။ ဒီလိုဖြေနိုင်ဖို့ဆိုတာကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရများ ကို နားလည်ထားဖို့ လိုအပ်လာပါသည်။
(၁)လွတ်လပ်စွာ တွေးခေါ်မှု ။ ။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ဟာ အရာရာ တိုင်းမှာအမှန်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ဖို့ပါပဲ။ အမှန်တရားနဲ့ အကောင်းဆုံးနည်း လမ်းဆိုတာ လူ့ဦးနှောက်က ထွက်ပေါ်လာတာဖြစ်တယ်။ ဒါပေမယ့် ဘယ်သူဘယ် ၀ါရဲ့ဦးနှောက်က ထွက်လာမယ်ဆိုတာ ကြိုတင်မသိနိုင်ဘူး ။ ဒါကြောင့် အမှန် တရားနဲ့အကောင်းဆုံးနည်းလမ်းတွေ ရရှိလာဖို့ လူတိုင်းဟာ မိမိတို့ရဲ့ ဦးနှောက်ကို အသုံးပြုပြီး လွတ်လပ်စွာတွေးခေါ်ဖို့ လိုပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ တွေးခေါ် ခွင့်ဆိုပြီး ပရမ်းပတာ ၊စည်းလွတ်ဝါးလွတ် တွေးခေါ်တာမျိုးဟာ ဒီမိုကရေစီနဲ့ လား လားမှ မလျော်ညီဘူး။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်အတိုင်း အများအကျိုးရှိအောင်၊ မှန်ကန်မျှတအောင် တွေးခေါ်ဖို့ဖြစ်ပါတယ်။ ရိုးသားဖြူစင်တဲ့ အကျင့်သီလနဲ့ တွေး ခေါ်ကြဖို့ ဖြစ်ပါတယ်။ (wikimyanmar မှကိုးကားမှု)ဒီမိုကရေစီလမ်းစဉ် အောင်မြင်ရေးအတွက် လူတိုင်းတွင်တာဝန်ရှိပါသည်။ တာဝန်ရှိသည်ဟု သိထားရုံနဲ့မလုံလောက်သေးဘဲ တကယ်လိုက်နာလုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါသေးသည်။ ဒီထက် အရေးကြီး သည်မှာ များများနားလည်သဘောပေါက်သောသူများကနည်းနည်းသာနားလည်သဘောပေါက် သူများသို့လည်းကောင်း၊ နည်းနည်းသဘောပေါက်နားလည်သူများက လုံးဝ,နားမလည်သေးသူများသို့ လည်းကောင်း ဒီမိုကရေစီ၏ အနှစ်သာရများကို ဖြန့်ဝေပေးကြရပေမည်။ သို့မှသာ "ငါဘာလုပ်သင့်သလဲ" ဟူသောအမြင်မျိုး မြင်လာနိုင်ကြပါမည်။ ဆင်ကန်းတောတိုး အဖြစ်နဲ့ "ဒီမိုကရေစီ-ဒီမိုကရေစီ" ဟုအော်ဟစ်နေ၍ မရနိုင်ပါ။ စည်းကမ်းဘောင်အတွင်းမှ စနစ်တကျလျှောက်လှမ်းတတ်မှသာ ဒီမိုကရေစီပန်းတိုင်သို့ တက်လှမ်းနိုင်ကြပါမည်။
(၂) လွတ်လပ်စွာ ပြောဆိုမှု ။ ။ လွတ်လပ်စွာ ပြောဆိုမှုမရှိရင် ဒီမိုကရေစီ ဆိတ်သုဉ်း သွားမယ်။ အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အများသဘောကို သေသေချာချာသိအောင် လွတ်လပ်စွာပြောဆိုခွင့် ပေးရမယ်။ ဒါပေမယ့် လွတ်လပ် စွာပြောဆိုခွင့်ဆိုတာ စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းပြောတာမျိုး ၊အကျိုးရှိရှိ ၊မရှိရှိ ပြော တာမျိုးဟာ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးရာရောက်ပါတယ်။ မဟုတ်မမှန် မတရားတဲ့ စကားတွေကို ပြောဆိုခြင်းဟာ လွတ်လပ်မှုကို အကျိုးမဲ့စေတယ်။ ခြုံ ပြီးပြောရရင် ဒီမိုကရေစီနိုင်ငံတစ်ရပ်အဖို့ အစိုးရဟာ ပြည်သူလူထုကို လွတ်လပ် စွာပြောဆိုခွင့်ပေးရတယ်။ ပြည်သူလူထုကြီးကလည်း မိမိတို့အချင်းချင်း လွတ်လပ် စွာပြောဆိုရာမှာ ရရှိထားတဲ့ လွတ်လပ်မှုတွေကို နိုင်ငံအတွက် တရားသဖြင့် အသုံး ပြုရတယ်။ အလွဲသုံးစားမပြုရ ၊လွတ်လပ်စွာပြောဆိုခွင့်ရဲ့ ရည်ရွယ်ချက်ဟာ ဟုတ် မှန်ပြီး အကျိုးရှိတဲ့ စကားမျိုးဖြစ်ဖို့ လိုပါတယ်။ (wikimyanmar မှကိုးကားမှု)ပြောဆိုမှုနဲ့ပတ်သက်ပြီး free.idea တို့ကျောင်းသားဘဝတုန်းက မြန်မာစာဆရာမပြောပြတာလေးကို သတိရမိတယ်။ ဆရာမ က စကားပြောဆိုရာမှာ ပြောသင့်/မပြောသင့် ကိုစဉ်းစားနိုင်ဖို့ သင်ပြပေးတာပါ။ "ဟုတ်၏ ၊ မှန်၏ ၊ အကျိုးရှိ ၊ သူတစ်ပါးနှစ်သက်၏" ။
ဒီလို ဟုတ်လည်းဟုတ်တယ်၊ မှန်လည်း မှန်တယ်။ ဒီစကားကိုပြောလိုက်ရင် သူတစ်ပါးလည်းနှစ်သက်မယ် နှစ်ဦးနှစ်ဘက်လုံး အကျိုးရှိမယ် ဆိုတဲ့ စကားမျိုးကတော့ တကယ့်ကို ပြောဆိုသင့်တဲ့ စကားမျိုးပဲတဲ့.....။ "ဟုတ်၏ ၊ မှန်၏ ၊ အကျိုးရှိ ၊ သူတစ်ပါးမနှစ်သက်" ။
ဒီလို ဟုတ်လည်းဟုတ်တယ်၊ မှန်လည်းမှန်တယ်၊ ပြောရင် နှစ်ဦးနှစ်ဘက်လုံးအကျိုးလည်းရှိမယ်။ ဒါပေမဲ့ သူတစ်ပါးတော့ မနှစ်သက်ဘူး ဆိုတဲ့စကားမျိုးက ကိုယ့်ကို မုန်းချင်မုန်းပါစေ ပြောရမယ်တဲ့.....။ နောက်ထပ်စကားမျိုးတွေကတော့.....ဒီအထဲက စကားစုတွေကို လှည့်ပြီးတော့ ပြန်ဆိုထားတဲ့ သဘောတွေပါဘဲ....။ နောက်ဆုံး
"မဟုတ် ၊ မမှန် ၊ အကျိုးမရှိ ၊ သူတစ်ပါးမနှစ်သက်" ။
ဒီလိုစကားမျိုးကိုတော့ လုံးဝ,မပြောသင့်ကြောင်း သင်ပြခဲ့ပါတယ်...။
(၃)လွတ်လပ်စွာရေးသားခွင့် ။ ။ အသိအလိမ္မာ ၊ ဉာဏ်ပညာဟာ ဒီမိုကရေစီ စနစ်ရဲ့အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ အသိအလိမ္မာ ဉာဏ်ပညာခေါင်းပါးတဲ့ ဒေသတစ်ရပ်မှာ ဒီမိုကရေစီမထွန်းကားနိုင် ၊ လူတိုင်းအသိဉာဏ် ၊အဆင့်အတန်းမြင့်ဖို့လိုပါတယ်။ လမ်းမှန်ကို စဉ်းစားနိုင်ရမယ်။ လမ်းမှန်ကို စဉ်းစားနိုင်မှ မှန်တဲ့ စကားကို ပြောနိုင်မယ်။ တရားနည်းလမ်းကျတဲ့ အလုပ်ကိုလုပ်နိုင်မယ်။ ဒါမှ လူထု ဆန္ဒအမှန်ကို ဖော်ပြနိုင်မယ်။ လူထုကိုယ်စားလှယ် အစစ်အမှန်ကို ရွေးချယ်နိုင်မယ်။ ဒါကြောင့် လူထုအသိဉာဏ် တိုးတက်လာစေတဲ့ သတင်းစာ ၊ ဂျာနယ် ၊မဂ္ဂဇင်း စတာတွေကို လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ပြုတယ်။ အဲဒီရေးသားထုတ်ဝေ ခွင့်တွေ မလွတ်လပ်ရင် ဒီမိုကရေစီကျင့်စဉ်ဟာတိမ်မြုပ် သွားနိုင်တယ်။ လူထုဆန္ဒ ဟာလည်း တိမ်မြုပ်ပျောက်ကွယ်သွားနိုင်တယ်။ စာရေးဆရာ ၊ သတင်းစာဆရာ များကလည်း လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်ဆိုပြီး ကလောင်သွားသမျှ လက် လွတ်စပယ်ရေးတာမျိုး ၊မဟုတ်မမှန် လုပ်ကြံရေးတာမျိုး ၊ အဂတိတရားလေးပါး လိုက်စားရေးတာမျိုး မပြုအပ်ပါ။ပြည်သူလူထု အကျိုးရှိမယ့် အကြောင်းအရာတွေသာ မကွယ်မထောင့် ၀ံ့ဝံ့စားစား ရေးရပါမယ်။ ပါတီနိုင်ငံရေး ခေတ်မျိုးတွင် ပါတီ သံယောဇဉ်ထားပြီး မလိုတစ်မျိုး ၊လိုတစ်မျိုး မရေးသင့်ဘူး ။ သန့်ရှင်းတဲ့စိတ်ထားနဲ့ ရေးရမယ်။ (wikimyanmar မှကိုးကားမှု)ဒီနေရာမှာ အထူးအရေးကြီးမယ်ထင်ပါတယ်...။ စာအုပ်၊စာပေ၊စာစောင်တွေသာမကဘဲ Webpage (Site,Forum,Blog,...) စတဲ့နေရာတွေမှာလည်း ကိုယ်စီ စည်းကမ်းလေးတွေထားကြဖို့ လိုအပ်လှပါတယ်။ "ငါ့ကို သူများတွေ သိတာမှမဟုတ်တာကွာ" ဆိုပြီးရေးချင်တာတွေ လျှောက်ရေးနေလို့မရပါဘူး...။ စည်းကမ်း နဲ့ပတ်သက်လို့ free.idea မှတ်သားဖူးတဲ့ နိုင်ငံခြားစကားပုံလေးတစ်ခုရှိပါတယ်....
"What is Discipline when you are in the Dark"
ဆိုလိုတာကတော့ လူမမြင်ကွယ်ရာမှာဘဲ ဖြစ်ဖြစ်၊ ကိုယ်တစ်ယောက်တည်းဘဲ ရှိနေ၊ သိနေတဲ့အခါမှာဘဲဖြစ်ဖြစ် မဟုတ်မမှန်တာကို မလုပ်ဖို့ပါ။ ကိုယ့်ကိုယ်ကို မညာဖို့ ဆိုလိုတာပါ။ My honest is my Life. လို့ခံယူထားမယ်ဆိုရင် အရမ်းမွန်မြတ်နေမှာပါ။
(၄) လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့် ။ ။ ဒီမိုကရေစီနိုင်ငံတစ်ရပ်မှာ လွတ်လပ် စွာပြောဆိုရေးသားခွင့်သာမက လွတ်လပ်စွာနေထိုင်သွားလာ လုပ်ကိုင်စားသောက် ခွင့်ရှိသည်။ နိုင်ငံတော်၏ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုသမျှ ၊ သူတစ် ပါးရဲ့ လွတ်လပ်မှုကို မဖျက်ဆီးသမျှ ၊ မည်သူမဆို မိမိလုပ်လိုရာ မိမိသဘော အတိုင်း လုပ်ကိုင်ခွင့်ရှိတယ်။ ဥပဒေကို အများဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် လူတိုင်းလိုက်နာရတယ်။ ဒီဥပဒေတွေဟာ လူတိုင်းရဲ့ လွတ်လပ်မှုကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတြွေဖစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ စီတန်းလမ်းလျှောက် ခြင်း ၊ လူထုအစည်းအဝေး ပြုလုပ်ခြင်း စတာတွေကို သက်ဆိုင်ရာအစိုးရက ဥပဒေ နှင့်အညီ ခွင့်ပြုရတယ်။ ဥပဒေမဲ့ လုပ်ပိုင်ခွင့်မရှိကြဘူး။(wikimyanmar မှကိုးကားမှု)လွတ်လပ်မှု ဆိုတာကတော့ လူတိုင်းလိုလားတောင့်တကြမယ်ထင်ပါတယ်...။ လွတ်လပ်မှု ဆိုတာက လိုလားနေလို့၊ တောင့်တနေလို့ မလုံလောက်ပါဘူး။ လွတ်လပ်မှုကို တန်ဖိုးထားပြီး မြတ်နိုးတတ်ဖို့ အရေးကြီးပါတယ်။ ဥပဒေဘောင်အတွင်းမှာ စည်းကမ်းရှိတဲ့လွတ်လပ်မှုကို ပိုင်ဆိုင်တာဟာ အကောင်းဆုံးပါဘဲ။ သူတစ်ပါးအတွက်၊ မိမိအတွက် အကျိုးဖြစ်ထွန်းစေမဲ့ အလုပ်ကိစ္စမျိုးကို ဥပဒေဘောင် အတွင်းမှာ စည်းကမ်းရှိရှိလုပ်ကိုင်ကြမယ်ဆိုရင် အကောင်းဆုံးပါ။ ထင်ရာစိုင်းပြီး ကြီးနိုင်ငယ်ညှင်း၊ ခေါင်းပုံဖြတ်နေကြမယ်ဆိုရင်တော့ ဒီမိုကရေစီလမ်းစဉ်နဲ့ ကင်းလွတ်နေပါလိမ့်မယ်...။
(၅)လူထုဆန္ဒ ။ ။ များရာနိုင်တိုင်း မှန်သလား၊ လူထုဆန္ဒဆိုတာလည်း မိမိပင်ကို ဉာဏ်နဲ့ ဒါတွေမှားတယ် ၊ဒါတွေတရားတယ် စတာတွေကို ခွဲခြားဆုံးဖြတ်နိုင်တဲ့ အများဆန္ဒသာ ဒီမိုကရေစီဖြစ်ပါတယ်။ အမှားအမှန်မသိတဲ့ အများဆန္ဒဟာ ဒီမို ကရေစီရဲ့ ဦးတည်ချက်ကို ပေါက်ရောက်မယ်မဟုတ်ဘူး ။ဒီမိုကရေစီနဲ့ ပိုလို့ပင် အလှမ်းဝေးသွားနိုင်ပါတယ်။ ဒီမိုကရေစီဦးတည်ချက် ပေါက်ရောက်အောင်မြင်ဖို့ အတွက် ဒီမိုကရေစီထူထောင်ရာတွင် ပြည်သူလူထုကြီးရဲ့ လူမှုဘဝလိုအပ်ချက်များ ရင့်မာပြည့်စုံလာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အသိအလိမ္မာ ၊ဉာဏ်ပညာ အဆင့်အတန်း မြင့်မားလာဖို့ လိုပါတယ်။ ဒါမှသာ ဒီမိုကရေစီကျင့်စဉ်ကို လက် တွေ့ဘဝမှာ မှန်ကန်စွာ ကျင့်သုံးလာနိုင်မယ် ဖြစ်ပါတယ်။ (wikimyanmar မှကိုးကားမှု)ဆန္ဒ ဆိုတာကတော့ ပြည့်တယ်လို့ရှိမှာမဟုတ်ပါဘူး။ "လူအလို နတ်မလိုက်နိုင်" ဆိုတဲ့စကားပုံကို သတိရမိပါတယ်...။ ကိုယ့်အတွက်လုပ်ပေးတိုင်း အဲဒီလူကို အကောင်းမြင်လို့ မရနိုင်သေးပါဘူး။ "တကယ် စစ်မှန်တဲ့စိတ်ဓါတ်နဲ့ လုပ်နေတာလား? ကိုယ့်ဆီက တစ်ခုခုရယူပိုင်ဆိုင်ချင်လို့ လုပ်ပေးနေတာလား" ဆိုတာ စဉ်စားချင့်ချိန်နိုင်ဖို့ လိုအပ်ပါတယ်....။ ဒီလိုမှ မစဉ်းစားနိုင်ရင် ကိုယ်ပြန်ပေးလိုက်ရတာက ပိုပြီးတန်ဖိုးကြီးသွားပါလိမ့်မယ်...။ ပြည်သူလူထုတစ်ရပ်လုံး မှန်မှန်ကန်ကန်စဉ်းစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ အတိုင်းအတာတစ်ခုထိ စဉ်းစားနိုင်ကြဖို့တော့ လိုအပ်လှပါတယ်...။ ဟိုး..... အရင်တုန်းက ခံယူချက်တွေလို "အော်....ဘာဖြစ်ဖြစ် တက်လာတဲ့အစိုးရ ငါ့အစိုးရဘဲ" ဆိုပြီး သူများယောင်တိုင်း လိုက်ယောင်နေလို့ မရတော့ပါဘူး....။ ဥပဒေ နဲ့ စည်းကမ်းတွေကို သိနားလည်အောင် ကြိုးစားကြရ ပါတော့မယ်။ လမ်းစဉ် နဲ့ အနှစ်သာရတွေကို သဘောပေါက်အောင် လေ့လာမှတ်သားကြရပါတော့မယ်...။ ဒါမှသာ မှန်ကန်တဲ့ ဆန္ဒသဘောထားကို ထုတ်ဖေါ်နိုင်ကြပြီး မှန်ကန်တဲ့အုပ်ချုပ်သူ ရွေးချယ်နိုင်ကြ မှာဖြစ်ပါတယ်။
ဒီဟာလေးတွေကိုဖတ်ပြီး ကိုယ့်ကိုယ်ကို၊ ကိုယ့်မိသားစုကို၊ ကိုယ့်ပတ်ဝန်းကျင်ကို၊ ကိုယ့်မြို့ကိုယ့်ရွာကို၊ ကိုယ့်နိုင်ငံကို ပြန်ဆန်းစစ်ကြည့်ပါ....။ ပြီးရင် ပြန်မေးကြည့်ပါ....
မြန်မာနိုင်ငံ ဒီမိုကရေစီ ရပြီလား...... လို့.....
(ဖတ်ရှုသူများအားလုံး ဒီမိုကရေစီ ရဲ့ အနှစ်သာရများကို သဘောပေါက်နားလည်ပြီးလိုက်နာကျင့်သုံး နိုင်ကြပါစေ....)
free.idea2012@gmail.com (1.2.2012)
မြန်မာပြည်သူ/ပြည်သားအားလုံးသိသင့်တဲ့ပိုစ့်လေးပါ ဗဟုသုတလဲရပါတယ်
ReplyDelete