ဒီနေ့ အောက်တိုဘာလ (၁) ရက်နေ့ ဟာ ကမ္ဘာ့ သက်ကြီးရွယ်အို များနေ့ ဖြစ်ပါတယ် ...။ ဒီနေ့မှာ အမှတ်တရ အနေနဲ့ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် မှာတည်ရှိတဲ့ ဖြူး ဘိုးဘွားရိပ်သာ ရဲ့ သမိုင်းကြောင်း လေးကို ကျွန်တော် သိသလောက်လေး မျှဝေရင်း ဓမ္မဒါန ပြုချင်ပါတယ် ....။ဒီ Post လေးကို ဖြူးမြို့နယ် မှာနေထိုင်ကြတဲ့ မိတ်ဆွေတွေ အနေနဲ့ သော်လည်းကောင်း၊ ဖြူးမြို့ ဘိုးဘွားရိပ်သာအပေါ်မှာ စေတနာရှိသူမိတ်ဆွေများအနေဖြင့်သော်လည်းကောင်း ပြန်လည် မျှဝေ စေချင်ပါတယ်။
"ဘုရားရှင်ကို ချစ်ကြည်ညိုက၊ လူအို လူနာ အနာဋ္ဌာကို၊ မေတ္တာပို၍၊ ရိုသေလေးမြတ် လုပ်ကျွေးအပ်၏"
"လူ့ဘဝရဲ့ နေဝင်ချိန် ဇရာအရွယ်ကို အထီးကျန် ခက်ခဲပင်ပမ်းစွာ ဖြတ်ကျော်ကြရမဲ့ အဘိုးအဘွား များအတွက် အခက်အခဲမရှိ အေးဆေးတည်ငြိမ်စွာ နေထိုင်ဖြတ်ကျော်နိုင်ဖို့ ကျွန်တော်တို့ လူငယ်တစ်တွေ တာဝန်ကျေ ကြပါစို့ ..."
ဖြူး ဘိုးဘွားရိပ်သာ ၏ တည်နေရာ
ဖြူးဘိုးဘွားရိပ်သာ သည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ ၏ အရှေ့ဘက် အုတ်ဖြတ်လမ်း အရှေ့ဘိုးဘွားစု (ယခင်- ဒေါ်နှင်းဆီစု) တွင် တည်ရှိပြီး ရန်ကုန်-မန္တလေး ကားလမ်း (လမ်းဟောင်း) မှ ၁.၂၅ မိုင်အကွာ နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းသစ်မှ ၄.၅ မိုင်အကွာ တွင်တည်ရှိပါသည်။ မြောက်လတ္တီကျု 18°29'23.30"N နှင့် အရှေ့လောင်ဂျီကျု 96°27'19.30"E တွင်တည်ရှိပါသည်။
ဖြူး ဘိုးဘွားရိပ်သာ ၏ ရည်ရွယ်ချက်
နိုင်ငံအဝှမ်းမှ ငယ်ရွယ်နုပျိုစဉ် ကာလက တိုင်းပြည်အတွက် ကျရာတာဝန်များကို ထမ်းဆောင်လာခဲ့ကြပြီး အိုမင်းမစွမ်းသည့် အရွယ်တွင် သားထောက်သမီးခံ မရှိဘဲ လူမှုဒုက္ခအပေါင်း ခံစားနေကြရသော အမှီအခို မဲ့ ဘိုးဘွားများအား ကျေးဇူးတုံ့ပြန် ပေးဆပ်ခြင်းအနေဖြင့်လည်းကောင်း၊ လူနှင့်လူချင်း ယိုင်းပင်းကူညီအပ်သော မြင့်မြတ်လှသည့် လူမှုတာဝန်ထမ်းဆောင်ခြင်းဖြင့် လည်းကောင်း၊ ဘိုးအို ဘွားအို တို့အား ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ဇာတိ၀ါဒ အရ မွန်မြတ်လှသည့် မင်္ဂလာတရားတော် အရလည်းကောင်း မိဘရင်းသဖွယ် ပြုစုစောင့်ရှောက်ရန် ရည်ရွယ်ချက်များ ထားရှိပါသည်။
ဖြူး ဘိုးဘွားရိပ်သာ သမိုင်းအကျဉ်း
ဖြူးမြို့ ဘိုးဘွားရိပ်သာ ကို ၁၉၆၀ ခုနှစ်တွင် ဆရာတော် ဦးကုမာရကဿဖ မှ ဦးဆောင်၍ စတင်တည် ထောင်ခဲ့ပါသည်။
(ဆရာတော်သည် နောင်တွင် လူဝတ်လဲခဲ့ပြီး ပဲနွယ်ကုန်း မြို့တွင်နေထိုင်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။)
ဆရာတော် အနေဖြင့် သာသနာ့တာဝန်ထမ်းဆောင်နေရသည့်အတွက် ဘိုးဘွားရိပ်သာကို ဆက်လက်စောင့်ရှောက်ရန် အခက်အခဲရှိလာသဖြင့် ၁၉၆၂ ခုနှစ်တွင် ဖြူးမြို့မှ ဦးသန်းဌေး ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထိုသို့ပေးအပ်ရာတွင် ဖြူးမြို့နယ် လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီမှ ဘိုးဘွားစောင့်ရှောက်ရေးအသင်း အားဖွဲ့စည်းပေးခဲ့ပါသည်။ အသင်းအဖြစ် ထူထောင်ဖွဲ့စည်းပြီးနောက် ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီလ(၂၃) ရက်နေ့တွင် ရိပ်သာဓမ္မာရုံ၌ ဆရာတော်မှ ဦးသန်းဌေး ဦးဆောင်သော ဘိုးဘွားစောင့်ရှောက်ရေးအသင်းသို့ တရားဝင် လွှဲပြောင်းပေးခဲ့ပါသည်။ ၄င်းလွှဲပြောင်းချိန်တွင်
- ဘိုးဘွား (၁၂) ဦး
- သက်ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အဆောက်အဦ (၃) ခု
- ပျဉ်ခင်း၊ ထရံကာ ဓမ္မာရုံ (၁) ခု
- ကုတင် (၁၂) လုံး
- ပန်းကန်ခွက်ယောက် (၁၂) စုံ
ဘိုးဘွားရိပ်သာကို လွှဲပြောင်းလက်ခံပြီးနောက် ဘိုးဘွားစောင့်ရှောက်ရေးအသင်းသည် ရိပ်သာအား လူမှုဝန်ထမ်း ၀န်ကြီးဌာန၏ ကြီးကြပ်ပံ့ပိုးကူညီမှု၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ နှင့် အလှူရှင် စေတနာရှင်များ ၏ ပံ့ပိုးလှူဒါန်းမှု တို့ဖြင့် တိုးတက်အောင် ကြိုးစားခဲ့ပါသည်။ ၁၉၆၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ နှစ်(၂၀) ကာလအတွင်း
- ခြံမြေတိုးချဲ့ဝယ်ယူခြင်း
- စုစုပေါင်းအခန်း (၁၀၇) ခန်းပါ၀င်သော တိုက်အဆောက်အဦ (၇) လုံး တည်ဆောက်ခြင်း
- အရှည် (၁၀၁၀) ပေ၊ အမြင့် (၆) ပေ၊ အကျယ် (၆) ပေ ရှိသည့် စောင်းတန်းရှည် တည်ဆောက်ခြင်း
- မြေ (၅.၆၀) ဧကအတွက် မဟာရံအုတ်တံတိုင်း (၃၉၄) ခန်း တည်ဆောက်ခြင်း
- ဘိုးဘွားများ တရားဘာဝနာ ပွားများနိုင်စေရန်၊ ကာယစိတ္တ နှစ်ဖြာ ရွှင်လန်းချမ်းမြေ့မှု ရရှိစေရန် အတွက် ပန်းချီ၊ ပန်းပုရုပ်တုများ၊ သစ်ပင်ပန်းမံများ စိုက်ပျိုး ထားရှိခြင်း
ဘိုးဘွားစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဦးသန်းဌေး ကွယ်လွန်ပြီး ဘိုးဘွားရိပ်သာ ၏ သက်တမ်း (၂၉) နှစ်ပြည့် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင်အလုပ်အမှုဆောင် ငွေထိန်းအဖြစ် ဆောင် ရွက်နေသည့် ဘီအိုစီ မန်နေဂျာ ဦးထွန်းဆိုင် အား ဥက္ကဌ အဖြစ်တင်မြှောက်ခဲ့ကြပြီး အမှုဆောင် အသစ်ကို ဖွဲ့စည်းခဲ့ပါသည်။ အမှုဆောင် အသစ်တွင် ဦးဝင်းနိုင် (ဒု-မော်ကွန်းဝင်) သည်လည်း အတွင်းရေးမှုး (လက်ရှိ ဒုတိယ ဥက္ကဌ) တာဝန်ကိုဆက်လက် ထမ်းဆောင်ပြီး အမှုဆောင် (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
ဘိုးဘွားစောင့်ရှောက်ရေးအသင်းအဖြစ် စနစ်တကျ မှတ်ပုံတင်ပြီးအသင်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းကိုပါ ရေးဆွဲထားခဲ့ပါသည်။ အသင်းအနေဖြင့် ဘိုးဘွားများအတွက် စားဝတ်နေရေး၊ ဆေးဝါးကုသရေး၊ အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲရေး စသည့် လုပ်ငန်းများအပြင် ဘာသာရေး၊ သာသနာရေး တို့အတွက်ပါ ကြိုးစားအကောင်အထည်ဖေါ်လျှက် ရှိပါသည်။
နှင့် 
ဖြူး ဘိုးဘွားရိပ်သာတွင် နေထိုင်လိုသည့် အဘိုးအဘွားများ အနေဖြင့်-
(၁) အသက် (၇၀) နှစ် ပြည့်ပြီးသူ၊
(၂) ခိုကိုးရာမဲ့ ဖြစ်ပြီး မိမိကိုယ်တိုင် လုပ်ကိုင်စားသောက်နိုင်ခြင်း မပြုနိုင်သူ၊
(၃) အကျင့်စာရိတ္တ ကောင်းမွန်သူ၊
(၄) စိတ်ဖေါက်ပြန်မှု မရှိသူ၊
(၅) နူနာရောဂါ နှင့် အခြားကူးစက်ရောဂါ မရှိသူ၊
(၆) မိမိကိုယ်တိုင် သွားလာနိုင်ပြီး ရိပ်သာတွင် လှုပ်ရှားနိုင်သူ၊
(၇) ရိပ်သာတွင် နေထိုင်ခွင့်ပြုရန် မြန်မာနိုင်ငံသား ဖြစ်သူ၊
စသည့် အချက် (၇) ချက်ဖြင့် ပြည့်စုံရမည် ဖြစ်ပါသည်။
ဖြူး ဘိုးဘွားရိပ်သာ တွင် လက်ခံစောင့်ရှောက်နိုင်သည့် ဦးရေ
အဘိုးဦးရေ - ၃၀ ဦး
အဘွားဦးရေ - ၃၀ ဦး
စုစုပေါင်း - ၆၀ ဦး
ဘိုးဘွားရိပ်သာတွင် နေထိုင်ရေး လျှောက်ထားရာတွင်-
(၁) သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။
(၂) သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်/ အာဏာပိုင်အဖွဲ့မှ ထောက်ခံရမည်။
(၃) ဘိုးဘွားရိပ်သာရုံးတွင် လျှောက်လွှာကို မှတ်ပုံတင် ထားရှိရမည်။
(၄) ဘိုးဘွားရိပ်သာတွင် နေထိုင်သမျှ ကာလပတ်လုံး ရိပ်သာ၏ စည်းကမ်းချက်များအတိုင်း လိုက်နာပါမည့် အကြောင်း လက်မှတ်ရေးထိုး ထားရမည်။
လာရောက်လျှောက်ထားသည့် အဘိုး/အဘွားများအား
(၁) လျှောက်လွှာလက်ခံ မှတ်ပုံတင် အစဉ်လိုက်အတိုင်း ဦးစားပေး စိစစ်လက်ခံပါသည်။
(၂) လျှောက်လွှာပါ အချက်အလက်များ မှန်ကန်မှုကို အမှုဆောင်အဖွဲ့မှ တွေ့ဆုံစစ်ဆေးခြင်း ပြုပါမည်။
(၃) ယာယီရွေးချယ်ထားသူကို ကျန်းမာရေးဌာနမှ ဆေးစစ်ခြင်း ခံယူရပါမည်။
(၄) အမှုဆောင်အဖွဲ့က လက်ခံသင့်/မသင့် ဆုံးဖြတ်ပါသည်။
(၅) ရွေးချယ်လက်ခံသူအား အတည်ပြုပြီး ဆုံးဖြတ်၍ လက်ခံပါသည်။
အဘိုးအဘွားများအတွက် နေ့စဉ်အလှူဒါန
(က) နံနက်ခင်းစာ
လှူဒါန်းလိုပါက ၃၀၀၀၀ ကျပ်ခန့်ကုန်ကျနိုင်မည့် မုန့်ဟင်းခါ၊ ထမင်းကြော်၊ ကြာဇံဟင်းခါး ..... စသည်တို့ အပြင် အလှူရှင် များကျွေးမွေးစေလိုသည့် အစားအသောက်များအား စီစဉ်ဆောင်ရွက် ပေးပါသည်။(ခ) နံနက်စာ(ထမင်းဟင်း)
လှူဒါန်းလိုပါက ၆၀၀၀၀ ကျပ်ခန့် ကုန်ကျနိုင်မည့် ဟင်းလျာ တစ်မျိုး(သို့) နှစ်မျိုး၊ အသီးအရွက်ကြော်၊ ဟင်းချို စသည်တို့ အပြင် လှူဒါန်းသူ စေတနာရှင်၏ ဆန္ဒအရ ကျွေးမွေးစေလိုသည့် ဟင်းလျာကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။(ဂ) မွန်းလွဲစာ
လှူဒါန်းလိုပါက ၂၀၀၀၀ ကျပ်ခန့် ကုန်ကျနိုင်မည့် လက္ဘက်ရည်+မုန့် (သို့) အအေး+မုန့် တို့အပြင် အလှူရှင် ကျွေးမွေးစေလိုသည့် အစားအသောက်အား စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။(ဃ) ညနေစာ (ထမင်းဟင်း)
လှူဒါန်းလိုပါက ၄၅၀၀၀ ကျပ်ခန့် ကုန်ကျနိုင်မည့် ဟင်းလျာ တစ်မျိုး(သို့) နှစ်မျိုး၊ အသီးအရွက်ကြော်၊ ဟင်းချို စသည်တို့ အပြင် လှူဒါန်းသူ စေတနာရှင်၏ ဆန္ဒအရ ကျွေးမွေးစေလိုသည့် ဟင်းလျာကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။
သီးခြားလှူဒါန်းနိုင်မှုများ
အထွေထွေ ရန်ပုံငွေ
ဖြူးဘိုးဘွားရိပ်သာကြီး အဓွန့်ရှည်တည်တံ့နိုင်စေရေးအတွက် မိမိသဒ္ဓါတရား ထက်သန်သလောက် ငွေကြေးအား အထွေထွေရန်ပုံငွေအဖြစ် ပါ၀င်လှူဒါန်း နိုင်ပါသည်။
ငွေပဒေသာပင် အလှူငွေ
မိမိတစ်သက်တာကာလ သာမက နောင်နှစ်ပေါင်းများစွာတိုင်အောင် ဖြူးဘိုးဘွားရိပ်သာကြီး အတွက် ငွေပဒေသာပင်စိုက်ထူးလှူဒါန်းလိုပါက အလှူငွေ ၁၀၀၀၀၀ ကျပ်မှစတင်၍ စိုက်ထူလှူဒါန်း နိုင်ပါသည်။
အဆောက်အဦ အလှူ
ဘိုးဘွားများ အေးချမ်းသာယာစွာ နားခိုနိုင်ရေးအတွက် မိမိလှူဒါန်းလိုသော အဆောက်အဦများ အသစ်ဆောက်လုပ်လှူဒါန်းခြင်း၊ လက်ရှိ ဟောင်းနွမ်းနေသော အဆောက်အဦများအား ပြန်လည်ပြုပြင် လှူဒါန်းခြင်း တို့အား စေတနာသဒ္ဓါအလျောက် လှူဒါန်းနိုင်ပါသည်။
အဝတ်အထည် နှင့် ဆေးဝါးပစ္စည်း အလှူ
ဘိုးဘွားများ ၀တ်ဆင်ရန်အတွက် သင့်တော်သည့် အဝတ်အစားများ၊ ဘိုးဘွားတို့၏ ကျန်းမာရေးအတွက် ဆေးဝါးများ စသည်တို့အားလည်း တစ်ဦးချင်းသော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း လှူဒါန်းပါ၀င်နိုင်ပါသည်။
ဆက်သွယ်လှူဒါန်း လိုပါက .....
ဦးထွန်းဆိုင်
ဥက္ကဌ
ဖြူး ဘိုးဘွားရိပ်သာ။
ဖုန်း - ၀၅၄-၄၀၃၉၀
၀၉-၄၂၈၁၁၆၅၇၅
ဦးဝင်းနိုင်
ဒုတိယ ဥက္ကဌ
ဖြူးဘိုးဘွားရိပ်သာ။
ဖုန်း - ၀၉-၄၂၈၁၁၄၉၃၃
ဒေါ်ကြည်ပြုံး
ရိပ်သာစာရင်းစစ်
ဖြူးဘိုးဘွားရိပ်သာ။
ဖုန်း - ၀၉-၄၂၃၃၂၇၆၁
တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ် ....။
လူမှုဒုက္ခ ကယ်တင်ကြ
အလှူဒါန ပြုကြ သူငါ
ရှင်လူရဟန်း စီးဖြန်းအဝေရာ
မိဘနှစ်ပါး ကြီးမားမေတ္တာ
သူငါ မရွေး လုပ်ကျွေးပြုကြပါ
သံသရာဆက် ရေတွက်ခါခါ
တော်စပ်ဖူး ရှေးဦးမိဘပါ။
ကျေးဇူးပေးအပ် လူ့ပြည်ရပ်ရွာ
ယခုဘဝ ပေးဆပ်လုပ်ကျွေးပါ။ ....။








No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea