Sunday, February 23, 2014

Pin It

Widgets

သစ်သားဇလုံလေး

မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သား အရွယ်သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတြွေကီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။

သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။
ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။
လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။
ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း

အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။

အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။
သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက် ချင်သေးတာလေ။

ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။

သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။

ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလဲွလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။

လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။

မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်းအားဟာ မေတ္တာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန် ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။

လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ

Credit to ----- နှစ်သက်မိရာ

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top